လက်ရှိ ဂျာမနီ နိုင်ငံ ၊ ဟန်နိုဗာမှာ ကျင်းပ ပြုလုပ်နေတဲ့ IAA Transportation Show ကြီးထဲမှာတော့ Ford ရဲ့ E-Transit Custom စီးပွားဖြစ် လျှပ်စစ် Van ကားလေးတွေလည်း ပါဝင်ပြသနေပါတယ်။ အဆိုပါ ကားတွေမှာတော့ အသစ်အနေနဲ့ Plug-In Hybrid အမျိုးအစားနဲ့ ဒီဇယ်ကားမျိုးကွဲတို့ပါ ပါဝင်လာပါပြီ။ အဆိုပါ ကားတွေမှာတော့ စက်ပိုင်းဆိုင်ရာ ၂ မျိုး ရွေးနိုင်မှာ ဖြစ်ပါတယ်။ Standard Version မှာဆိုရင် တော့ 135 hp ရှိမှာ ဖြစ်ပြီး ပိုကောင်းတဲ့ Version မှာ ဆိုရင်တော့ 217 hp အထိ စွမ်းဆောင်နိုင်ပါတယ်။ အဆိုပါ Version ၂ မျိုးလုံးရဲ့ Torque ကတော့ အတူတူပဲဖြစ်ပြီး 306 lb-ft Torque အထိရှိကြပါတယ်။

Photo Credit: motor 1.com

Van ကားတွေ ရဲ့ ဘက်ထရီတွေက 74 kWh အထိ ရှိတာကြောင့် WLTP စံနှုန်းအရ ဆိုရင်တော့ တစ်ခါအားသွင်းလိုက်တာ နဲ့ ၂၃၆ မိုင်အထိ မောင်းနှင်နိုင်ပါလိမ့်မယ်။ ဒါ့အပြင် 125 kW အထိ ထောက်ပံ့ပေးနိုင်တဲ့ အမြန်အားသွင်း စနစ်ကိုလည်း ရရှိ ဦးမှာ ဖြစ်ပြီး ကားကနေ အခြားလိုအပ်တဲ့ လျှပ်စစ်ပစ္စည်းတွေ အတွက်လည်း 2.3 kW ပမာဏရှိတဲ့ လျှပ်စစ်ဓာတ်ကို ပြန်အားသွင်း ပေးနိုင်ပါသေးတယ်။ ကားရဲ့ အရွယ်အစား ကလည်း အရှည်နဲ့ အမိုးအမြင့် တို့အရ ၂ မျိုးအထိ ရွေးချယ်နိုင်ဦးမှာပါ။ အဆိုပါ ကား ၂ စီး လုံးမှာ ဆိုရင်တော့ တစ်စီးမှာ ၂၀၅ ကုဗ ပေ ပမာဏ နဲ့ နောက်တစ်စီးမှာ ၃၁၇.၈ ကုဗ ပေ အထိ ပစ္စည်းတင်စရာ နေရာတွေ ရလာမှာ ဖြစ်ပါတယ်။ Van ရဲ့ ရွေးချယ်လို့ရတဲ့ အချက်အလက်တွေ အပေါ် မူတည်ပြီး တင်လို့ရမယ့် အလေးချိန်က ၂.၄၂၅ ပေါင် အထိကို ရှိထားသလို ကားကနေ ဆွဲနိုင်မယ့် နောက်တွဲပမာဏကလည်း ၄.၄၀၉ ပေါင် အထိ ရှိမှာဖြစ်ပါတယ်။

Photo Credit: motor 1.com

အသစ် ပါဝင်လာတဲ့ Plug-In Hybrid အမျိုးအစားမှာ ဆိုရင် တော့ 2.5 Liter ဓာတ်ဆီ အင်ဂျင် ကို 11.8 kWh ဘက်ထရီနဲ့ ပေါင်းစပ် ထုတ်လုပ် ပေးထားပါတယ်။ လျှပ်စစ်သီးသန့် အမျိုးအစားလိုပဲ အခု ကားမှာ လည်း 2.3 kW  အထိ အခြားသော လျှပ်စစ် ပစ္စည်းတွေကို ပြန်လည် အားသွင်းပေးနိုင်သလို လျှပ်စစ်သီးသန့်နဲ့ ကိုပဲ ၃၅.၄၂ မိုင် လောက်အထိ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ သာမန် ဒီဇယ် အမျိုးအစားနဲ့ပဲ လိုချင်တယ် ဆိုရင်တော့ စွမ်းဆောင်ရည် ၄ မျိုး အထိ ခွဲခြားရွေးချယ် နိုင်မှာဖြစ်ပြီး 109 hp ၊ 134 hp ၊ 148 hp နဲ့ 168 hp ဆိုပြီး ကား ၄ မျိုး အထိ ရှိမှာပါ။ ဒီဇယ် ကားအတွက် ဆိုရင် Six- Speed Manual Gear နဲ့ တွဲဖက်ပြီး အပိုရွေးလို့ရဦးမယ့် Limited-Slip Differential စနစ်ကိုလည်း ရနိုင်ဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Eight-Speed Automatic ဂီယာနဲ့ All-Wheel Drive စနစ် တို့ကိုလည်း နောက်ထပ် ရွေးချယ်စရာ တစ်ရပ်အနေနဲ့ ရနိုင်ပါသေးတယ်။ အခု ဒီဇယ် ကားအသစ်တွေကတော့ လာမယ့် ၂၀၂၃ နှစ်လယ် လောက်မှာမှ ရလာနိုင်ပြီး EV အမျိုး အစားတွေကတော့ အခုနှစ် ဆောင်းရာသီ လောက်မှာတင် စတင် ရလာနိုင်ပါ တယ်။ အဆိုပါ Van ကား အမျိုး အစားအားလုံးကိုတော့ တူရကီ နိုင်ငံ ၊ Kocaeli မှာရှိတဲ့ Ford ရဲ့ Otosan စက်ရုံကြီးမှာပဲ တပ်ဆင်ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။

Ref: motor 1.com