Ford ရဲ့ Tourneo Custom ကားသစ် တွေကတော့ ဥရောပ ဈေးကွက်အတွက် ပွဲထွက်လာခဲ့ပြီ ဖြစ်ပြီး PHEV နဲ့ ဒီဇယ် ကားတွေအပြင် လျှပ်စစ်သီးသန့် ကားလည်း ပါဝင်လာပါတယ်။ လာမယ့် နှစ်လယ်လောက် မှာမှ ဈေးကွက်ထဲ စတင် ပို့ဆောင်ပေးမယ့် အဆိုပါ ကားသစ်တွေထဲက လျှပ်စစ်ကားကိုတော့ E-Tourneo လို့ အမည်ပေးထားပြီး 74 kWh ရှိတဲ့ ဘက်ထရီနဲ့အတူ တစ်ခါအားသွင်းထားရင် မိုင် ၂၃၀ အထိကို မောင်းနှင်နိုင်မယ်လို့ သိရပါတယ်။ ကားရဲ့ စွမ်းဆောင်ရည်ပိုင်း ကလည်း 215 hp အထိကိုရှိတဲ့ လျှပ်စစ်မော်တာကြောင့် အတော်လေး ကောင်းမွန်နေတာပါ။ ကားတွေကို အားသွင်းမယ် ဆိုရင်တော့ DC Fast Charging စနစ်နဲ့ဆိုရင် 125 kW နဲ့ ရိုးရိုး AC ဆိုရင် 11 kW ပမာဏ ရနိုင်မှာ ဖြစ်ပါတယ်။ Ford ကတော့ Fast Charging စနစ်နဲ့သာ အားသွင်းမယ် ဆိုပါက ၁၅% ကနေ ၈၀% အထိကို ၄၁ မိနစ်ပဲ ကြာမယ်လို့ ဆိုထားပြီး အရေးပေါ်လိုမယ် ဆိုရင်တော့ ၅ မိနစ် အတွင်း ၂၃ မိုင် မောင်းစရာလောက်အထိ စွမ်းအင်ဖြည့်ပေးနိုင်မယ်လို့ သိရပါတယ်။

Photo Credit: motor 1.com

အဆိုပါ လျှပ်စစ် Van ကားသစ်လေးကတော့ ကားအတွင်းမှာတင် အလုပ်တွေ အလွယ်တကူ ပြီးနိုင်အောင် 2.3 kW ပမာဏရှိတဲ့ လျှပ်စစ်စွမ်းအင် ထောက်ပံ့ ပေးထားနိုင်ပါတယ်။ ဒါဟာ 9.6 kW အထိရတဲ့ Ford F-150 Lightning လျှပ်စစ် ကားထက်စာရင် နည်းတယ် ဆိုပေမယ့် သူ့အနေအထားနဲ့သူတော့ အဆင်ပြေပါသေးတယ်။ ဒါ့အပြင် ကားလေးကနေ အနောက်ဘက် အတွက်ပေါင်ချိန် ၄,၄၀၉ ပေါင်လောက်အထိကို အများဆုံး ဆွဲနိုင်သေးတာ ဖြစ်ပါတယ်။ အခြားသော အင်ဂျင်ပိုင်း ရွေးချယ်စရာတွေ အနေနဲ့ကတော့ Plug-In Hybrid ကိုမှ 2.5 Liter Four- Cylinder အင်ဂျင် ၊ လျှပ်စစ်မော်တာတို့နဲ့ တွဲဖက်ရနိုင်မှာပါ။ အဆိုပါ ကားမှာတော့ 11.8 kWh ဘက်ထရီကို ထည့်ပေးထားပြီး တစ်ခါအားသွင်းရင် ၃၁ မိုင်အထိ လျှပ်စစ်သီးသန့်နဲ့ မောင်းနိုင်မယ်လို့လည်း သိရပါတယ်။ နောက်တစ်မျိုး ရနိုင်မယ့် ဒီဇယ်အင်ဂျင် အမျိုးအစားမှာတော့ စွမ်းဆောင်ရည် အမျိုးမျိုး အပေါ်မှာ စိတ်ကြိုက်ရွေးချယ် နိုင်ပြီး 134 hp ၊ 148 hp နဲ့ 168 hp တို့ဆိုပြီး ရှိမှာပါ။ Eight-Speed Automatic ဂီယာနဲ့ Six-Speed Manual ဂီယာ တွေကိုလည်း ရွေးချယ်နိုင်ဦးမှာ ဖြစ်ပြီး All-Wheel Drive စနစ်ကိုလည်း ရနိုင်ပါသေးတယ်။

Photo Credit: motor 1.com

အခု နောက်ဆုံး ထွက်လာတဲ့ Tourneo ကားသစ်တွေကတော့ ယခင်နဲ့ မတူတာက ကြမ်းခင်းအနိမ့်ပုံစံတွေ ဖြစ်လာခဲ့ ပြီး အနောက်ဘက် Suspension ကလည်း  မောင်းရထိန်းရ ပိုလွယ်အောင် လုပ်ပေးလာနိုင်တယ် လို့ သိရပါတယ်။ ကားရဲ့ အရွယ်အစားကတော့ ရှေ့ဘီးနောက်ဘီးကြား Wheelbase ပမာဏ အနည်းအများကိုမူတည် ရွေးချယ်နိုင်ပြီး ခပ်ကြမ်းကြမ်း ဒီဇိုင်း Active ၊ Flashy Sport နဲ့ Range ထဲ အမြင့်ဆုံး Titanium X တို့ ဆိုတဲ့ အမျိုးမျိုးသော Trim တွေ ကိုလည်း ရွေးချယ် နိုင်ပါသေးတယ်။ ဒါပေမယ့် ဘယ်လို ကားတွေကိုပဲ ရွေးရွေး အတွင်းခန်းထဲမှာ ထိုင်ခုံ ၃ တန်း ရမှာ ဖြစ်ကာ လျှပ်စစ်ကားမှာတော့ ၈ ယောက်စီး နဲ့ အခြားသော ကားတွေမှာတော့ ၉ ယောက်စီးအဖြစ် ရရှိနိုင်မှာပါ။ ဒုတိယ မြောက်နဲ့ တတိယမြောက် ထိုင်ခုံတန်းတွေကတော့ ဝယ်ယူသူ စိတ်ကြိုက် ပြင်ဆင်ပေးတာ မျိုးတွေလည်း လုပ်ပေးနိုင်မှာဖြစ်ကာ ခြောက် ယောက် မျက်နှာချင်းဆိုင် အစည်းအဝေး ပုံစံကိုလည်းကားအတွင်းလုပ်လို့ ရပါသေးတယ်။ အခု ကားသစ်မှာ ပိုကြည့်ကောင်းတဲ့ Panoramic Glass အမိုး ၊ စပီကာ ၁၄ လုံး အထိပါတဲ့ B&O Stereo အသံစနစ် ၊ Infotainment System အတွက် Sync 4 Software အသုံးပြုထားမယ့် ၁၃ လက်မ အရွယ် Screen နဲ့ Digital Instrument Cluster တွေကိုလည်း ရရှိနိုင်ဦးမှာ ဖြစ်ပါတယ်။

Ref: motor 1.com