Semiconductor Chip ပြား ပြတ်လပ်မှု ပြဿနာတွေ ကနေ စတင်လွတ်မြောက် စပြုလာတဲ့ Ford တို့ ကတော့ အခု လထဲမှာ လုပ်ငန်းတွေ ပြန်လည်ပတ် လာနေပါပြီ။ အခု အခက်အခဲ ကတော့ ကားလောက အတွက် ခက်ခဲတဲ့ ပြဿနာ တစ်ရပ် ဖြစ်နေသေးပေမယ့် Ford ကတော့ ဒီလို အခက်အခဲ ကြားထဲကပဲ ရောင်းအားတွေ စံချိန်ဆက်တင် နေခဲ့ကာ ရောင်းအားရဲ့ ၅၀ % ကတော့ ယခင် ကြိုတင်မှာယူထားပြီးသား ပရိသတ်တွေရဲ့ အားပေးမှုတွေ ဖြစ်တယ်ဆိုပြီး Ford ရဲ့ အရောင်းပိုင်း VP ဖြစ်သူ Andrew Frick က ရှင်းပြ ထားပါတယ်။ ဒီ အနေအထားကို ကြည့်တာနဲ့တင် ရောင်းအားတွေက ဆက်လက် တိုးတက်နေဆဲ ဆိုတာကို သိသိသာသာ ပြသနေပြီး နောက်ထပ်လည်း ပိုရောင်း လာရဖို့ ရှိနေတာ သေချာပါတယ်။ Ford F-150 Lightning ၊ Mustang Mach-E နဲ့ E-Transit Van တို့ အပါအဝင် လျှပ်စစ် ကားတွေ ဘက်ကို ကြည့်မယ် ဆိုရင်တော့ အတော်လေး ရောင်းအား တက်လာနေတာ တွေ့ရဦးမှာပါ။ လက်ရှိ မှာတော့ Ford ရဲ့ လျှပ်စစ် ကား ရောင်းအားတွေဟာ မနှစ်က ဒီလို အချိန်နဲ့ ယှဉ်ရင် ၂၂၂ % လောက် အထိကို တိုးတက် လာခဲ့တာ ဖြစ်ပြီး အတော်လေးကို အံ့အားသင့်ဖို့ ကောင်းတဲ့ ရောင်းအားတက်မှုကြီး ဖြစ်ပါတယ်။ ဒါတင်မကသေးပဲ Ford ကတော့ အမေရိက ဈေးကွက်အတွင်းက သူတို့ရဲ့ SUV ကား ရောင်းချရမှု ပမာဏကလည်း မေလ အတွင်းမှာ တင် လေးဆလောက် အထိ ပိုမိုမြန်ဆန် ရောင်းကုန်ခဲ့တယ်လို့ ဆိုထားပါတယ်။

Photo Credit: CARBUZZ

အဆိုပါ လျှစ်စစ်ကား ရောင်းအား အောင်မြင်မှုတွေထဲက သိသာတဲ့ ကားတစ်မျိုးကတော့ Mustang Mach-E ပဲ ဖြစ်ကာ Tesla Model Y နဲ့ အဓိက ယှဉ်ပြိုင်ခဲ့ရပြီး မနှစ်ကထက်စာရင် ရောင်းအားက ၁၆၆ %အထိ ကို တိုးတက်ခဲ့တဲ့ ကားလည်း ဖြစ်ပါတယ်။ စုစုပေါင်း အနေနဲ့ ဆိုရင်တော့ အခု ပြီးခဲ့တဲ့ မေလ မှာ တင် ကားအစီးရေ ပေါင်း ၅,၁၇၉ စီး အထိ ရောင်းချခဲ့ရကာ Mach E ဆိုရင်လည်းအခုနှစ် ကားတွေ ရဲ့ ၇၀ % လောက် အထိကို နေရာယူ ရောင်းချလာနိုင် ခဲ့ ပါတယ်။ အကျိုးဆက် ကတော့ အမေရိကရဲ့ လျှပ်စစ်ကား ရောင်းအားတွေထဲမှာ Tesla ရဲ့နောက် ဒုတိယနေရာ အထိ ကို Ford တို့ တက်လှမ်းလာနိုင်ခဲ့ တာပါပဲ။ ဒါ့အပြင် F-150 Lightning ကားသစ်ဆိုရင်လည်း စထွက်လာ ကတည်းက အတော်လေး အာရုံစိုက်ခံ ခဲ့ရတဲ့ ကားဖြစ်ခဲ့ပြီး ရောင်းအားကလည်း ထင်ထားတဲ့ အတိုင်းကို တက်လာ ခဲ့တာပါ။ အခုလထဲမှာတင်ပဲ Ford အနေနဲ့ အဆိုပါ Lightning Truck ကားပေါင်း ၂၀၁ စီး အထိ ရောင်းချ ထားခဲ့ရပြီး ဖြစ်ကာ ပွဲထွက် ခါစ လျှပ်စစ်ကား တစ်စီးအတွက်တော့ တကယ်အထင်ကြီးစရာ ရလဒ် ဖြစ်ပါတယ်။ Mach-E ကားတုန်း ကလိုပဲ Lightning ကားကလည်း Ford အတွက် ပရိသတ် အသစ်တွေကို ဆွဲခေါ်လာနိုင်ခဲ့ပြီး လက်ရှိ ရောင်းအား တွေရဲ့ ၇၅% ကတော့ Ford အတွက် အားပေးသူ အသစ်တွေ ဖြစ်လို့ နေပါတယ်။

Photo Credit: CARBUZZ

လက်ရှိမှာတော့ လုပ်ငန်းသုံး Vans ကားတွေ အပိုင်းမှာဆိုရင်လည်း Ford က ကမ္ဘာ့ ထိပ်တန်း ရောင်းအား တွေ ပိုင်ဆိုင် ထားတာဖြစ်ပြီး E-Transit ဆိုတဲ့ လျှပ်စစ် Van ကား တစ်မျိုးကိုပါ အသစ်မိတ်ဆက် ထားခဲ့ ပါသေးတယ်။ ဒီလထဲမှာ ဆိုရင် အဆိုပါ E-Transit ကားသစ်‌ရောင်းအားက ၈၇၄ စီး အထိကို ရှိခဲ့ပြီး Ford ကတော့ E-Transit ရဲ့ ရောင်းအားတွေဟာ အခုနှစ်ထဲက အခြားသော စီးပွားရေးလုပ်ငန်းသုံး Van ကား‌‌ တွေ အားလုံးရဲ့ ‌စုစုပေါင်း ရောင်းအားထက်တောင် ကျော်လွန်နိုင်ဖွယ် ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ သေ ချာတာ တစ်ခုကတော့ လျှပ်စစ် ကား အခန်း ကဏ္ဍသစ်ကို Ford တို့က အတော်လေး တွန်းအားပေးနေပြီ ဆိုတာပဲ ဖြစ်ပါတယ်။ Brand အနေနဲ့ နောက်ပိုင်းမှာလည်း အမျိုးမျိုးသော လျှပ်စစ်ကားသစ်တွေကို ထုတ် လုပ်ရောင်းချလာဖို့ ရှိနေပြီး နာမည်ကျော် Maverick တို့လို ကားမျိုးကြီးတွေက အစ လျှပ်စစ်ကားတွေ အဖြစ် ပြောင်းလဲမြင်တွေ့ လာရတော့မှာပဲ ဖြစ်ပါတယ်။

Ref: carbuzz.com