Ford Mustang ဆိုတာကတော့ ကားအကြောင်းကို ထဲထဲဝင်ဝင် စိတ်ဝင်စားကြသူတွေ ၊ Muscle Car ပရိသတ်တွေ အဖို့ တကယ့်ကို အဖိုးမဖြတ်နိုင်တဲ့ ကားတစ်စီးအဖြစ် ရှိထားပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် အခုတော့ အဆိုပါ ကား တွေရဲ့ မူလအစ Ford Mustang ကို အင်ဂျင်အလန်းစားကြီးနဲ့ မဟုတ်တော့ပဲ လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲပေးလိုက်ပြီဆိုတာ တွေ့ရမှာပါ။ ထူးထူးခြားခြား ပြောင်းလဲပေး ထားတဲ့ အဆိုပါ အထူးထုတ် ကားကိုတော့ ဗြိတိန် ကား ကုမ္ပဏီ တစ်ခုက ဖန်တီးပေးလိုက်တာ ဖြစ်ပြီး အခုချိန်ကစလို့ မှာယူနိုင်ပြီလို့ တောင် သိရပါတယ်။ ဒါပေမယ့် ဈေးကတော့ လုံးဝကို မသက်သာတာ သေချာပါတယ်။ လန်ဒန် အခြေစိုက် Charge Cars ဆိုတဲ့ လုပ်ငန်း က အခု လျှပ်စစ်စွမ်းအင်သုံး Mustang ကို ချပြခဲ့တာဖြစ်ပြီး ပုံမှန်အားဖြင့်တော့ ကားအဟောင်းကို ပြန်လည် ဆန်းသစ် ထားတဲ့ Restoration Project လို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့်လည်း အဆိုပါ Studio ရဲ့ Boss ဖြစ်သူ Mark Roberts ကတော့ အခုကားက လုံးဝ Brand-New Electric Mustang ဖြစ်တယ်လို့သာ ပြောကြားထားပြီး အစီးရေကလည်း ၄၉၉ စီးတည်းပဲ ထုတ်လုပ်မှာ ပါ။ ကားတစ်စီးချင်းရဲ့ ဈေးနှုန်းကတော့ ပေါင် ၃၅၀,၀၀၀ (ဒေါ်လာ ၄၅၀,၀၀၀) လောက် အထိကို ကျသင့်မှာ ဖြစ်ပါတယ်။ ဒါတောင်မှ အခုဈေးက ကားမှာ ထပ်ထည့်လို့ ရသေးတဲ့ နောက်ထပ် ရွေးချယ်စရာတွေနဲ့ Accessories တွေ မပါဝင်သေးပါဘူး။

Photo Credit: motor 1.com

တကယ်တော့ အခုကားက Mark Roberts ပြောထားသလိုပဲ ကားအဟောင်းကို ပြန်ပြင်ထားတဲ့ Restromod ကား တစ်စီး မဟုတ်ပဲ ပုံကြမ်းဆွဲပြီး အသေအချာကို ပြန်လည် ထုတ်လုပ်ထားတဲ့ ကားအသစ် ဖြစ်ပါတယ်။ ဒါပေမယ့် တရားဝင် လိုင်စင်ရ ၁၉၆၇ ခုနှစ် Mustang ရဲ့ ကိုယ်ထည်ကိုတော့ အခြေခံထားပါတယ်။ စက်ရုံထုတ် အင်ဂျင် အစား လျှပ်စစ် စွမ်းအင်စနစ် ပြောင်းလဲပေးထားပြီး စွမ်းဆောင်ရည် ကတော့ 536 hp နဲ့ တောင်ပေါ်တက်ရင်တောင် အမြင့် ဆုံး Torque က 1,106 lb-ft အထိ ရှိလို့ မြင့်မားတဲ့ လုပ်အားနှုန်းတော့ ရှိတာ သေချာပါတယ်။ ဝင်ရိုးရဲ့ တစ်ဖက် တစ်ချက်ဆီမှာ လျှပ်စစ်မော်တာတွေ တပ်ထားတာကြောင့် All-Wheel Drive စနစ်နဲ့ မောင်းနိုင်ဖို့ ရှိပြီး တစ်နာရီ မိုင် ၆၀ နှုန်း အရှိန်တင်ဖို့ကိုတောင် ၃.၉ စက္ကန့်ပဲ ကြာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကားရဲ့ ဘက်ထရီကတော့ စွမ်းဆောင် ရည်နဲ့ ယှဉ်လိုက်ရင် အနည်းငယ် သေးနေတယ်လို့ ဆိုနိုင်ပြီး 62 kWh ရှိတဲ့ ဘက်ထရီတပ်ဆင်ထားတာ ဖြစ်ကာ Range အနေနဲ့ ကတော့ တစ်ခါ အားသွင်းထားရင် မိုင် ၂၀၀ အထိ သွားနိုင်ပါတယ်။ အားပြန်သွင်းဖို့ အတွက်တော့ 50 kW အထိရှိတဲ့ DC Rapid Charging နဲ့ အဆင်ပြေ ပြီး တစ်နာရီ မပြည့်ခင်လေးမှာတင် ၂၀ ကနေ ၈၀ % လောက် အထိ ပြည့်အောင်သွင်း နိုင်မှာပါ။

Photo Credit: motor 1.com

အဆိုပါ ကုမ္ပဏီကတော့ အခု အထူးထုတ်ကားတွေကို စက်ပစ္စည်းတွေ လုံးဝ မသုံးပဲ လက်မှုအပိုင်းနဲ့သာ လန်ဒန် မှာတင် ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကားကို ဝယ်မယ့်သူတိုင်းကိုလည်း တစ်ယောက်ချင်းစီ စိတ်ကြိုက် ဖန်တီးခွင့် ပေးထားပြီး လိုချင်တဲ့အရောင် ၊ သတ္တုပိုင်းတွေနဲ့ အသေးစိတ်တွေကအစ ကြိုက်သလို မှာယူနိုင်မယ်လို့ သိရပါတယ်။ ကားရဲ့ အတွင်းပိုင်းရော အပြင်ပိုင်းတွေရောကတော့ လျှပ်စစ်ကားဆိုပေမယ့် မူလအစ Mustang ရဲ့ အရသာတွေ အနှစ်သာရတွေ အကုန်လုံးကို ကောင်းကောင်း ထိန်းသိမ်း ပေးထားတာ ကြောင့် တကယ်ကို ဆန်းသစ် ကောင်းမွန်တဲ့ အလွမ်းပြေ ကားတစ်စီး ဖြစ်မယ်ဆို‌တာ သေချာနေပြီပဲ ဖြစ်ပါတယ်။

Ref: motor 1.com