Ford Mustang ကတော့ ပြီးခဲ့တဲ့ အပတ်တုန်းက ကုမ္ပဏီဘက်က ကြေညာချက်အရ ကမ္ဘာ့ ရောင်းအား အကောင်းဆုံး Sports Coupe အဖြစ် ရပ်တည်နိုင်ခဲ့ ပြန်ပါပြီ။ အခုလို ရပ်တည်နိုင်ခဲ့တာကိုတော့ ၂၀၂၁ အတွင်း စာရင်း ကောက်ယူထားတဲ့ S&P Global Mobility ရဲ့ အချက်အလက် တွေအရ အတည်ပြုထား တာပဲ ဖြစ်ပါတယ်။ ပိုပြီး ထူးခြားတာကတော့ Ford Mustang အနေနဲ့ အခုလို ကမ္ဘာ့ရောင်းအားအကောင်း ဆုံး Sports Coupe ဆိုတဲ့ နေရာမှာ ရပ်တည်နိုင်ခဲ့တာ ၇ နှစ် ဆက်တိုက်ရှိသွားတာပါပဲ။ ဒါပေမယ့် Ford ကတော့ အဆိုပါ ကားကို ၂၀၁၉ နဲ့ ၂၀၂၀ တုန်းက ရပ်တည် နိုင်ခဲ့သလို ရောင်းအား အကောင်းဆုံး Sports ကား ဖြစ်မဖြစ်ဆိုတာတော့ အတည်မပြုပေးထားခဲ့ သေးပါဘူး။

Photo Credit: MotorAuthority

ကမ္ဘာတစ်ဝန်းမှာ ရောင်းအားအကောင်းဆုံးအဖြစ် ရပ်တည်နိုင်ခဲ့ပေမယ့်လည်း အမေရိက ကားဈေးကွက်ထဲ မှာတော့ Ford Mustang တို့က Dodge Challenger ရဲ့ ကျော်တက်ခြင်းကို ခံလိုက်ရပါတယ်။ Dodge အနေနဲ့ ၂၀၂၁ အတွင်း Challenger ကား ပေါင်း ၅၄,၃၁၄ စီး အထိ ရောင်းချခဲ့ ရသလို ယခင်နှစ်ကထက် ၃ ရာခိုင်နှုန်း အထိ ပိုတိုးတက် လာတာပါ။ တစ်ချိန် တည်းမှာပဲ Ford ဘက်ကတော့ Mustang ကား အစီး ရေ ၅၂,၄၁၄ စီး ရောင်း ချခဲ့ရပြီး ၂၀၂၀ နဲ့ ယှဉ်ရင်တော့ ၁၄.၂ % တောင် ပြန်လည် ကျဆင်းခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ အမေရိက ကားအရောင်း သမိုင်း ထဲမှာ ကုမ္ပဏီအတွက် အနိမ့်ဆုံး အထိ ဖြစ်သွားခဲ့တာပါ။ Ford ကတော့ အမေရိက ဈေးကွက် ရောင်းအားက တစ်ကမ္ဘာလုံး ရောင်းအားရဲ့ ၇၆ % အထိ ရှိပြီး တစ်ခြား သော ဈေးကွက်တွေထဲမှာတော့ ရောင်းအားက တိုးတက် လာတာ ဖြစ်တယ်လို့ ရှင်းပြထားပါတယ်။ နယူး ဇီလန် ဈေးကွက်ထဲမှာ ဆိုရင်တော့ ၅၄,၃% ၊ ဘရာဇီး ဈေးကွက် ထဲမှာ ၃၇.၃% နဲ့ တောင်ကိုရီးယား ဈေးကွက်မှာတော့ ၁၆.၆ % လောက် အထိကို တိုးတက် လာတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အခြားသော ကမ္ဘာ့ဈေးကွက်ထဲ ဝယ်ယူလိုအားတွေက မနှစ်ကနဲ့ ယှဉ်ရင် နှစ်ဆလောက် နီးပါးကို တိုးတက် လာတာ ဖြစ် တယ်လို့ Ford က ဆိုထား ပါတယ်။

Photo Credit: MotorAuthority

Coupe တစ်စီး မဟုတ်ပေမယ့် Mustang Mach-E လျှပ်စစ် Crossover ကားအသစ်ကလည်း ၂၀၂၁ ထဲ မှာ ထူးထူးခြားခြား ရောင်းအား ကောင်းခဲ့ပြီး ပထမဆုံး စတင် ထုတ်လုပ်တဲ့ နှစ်မှာတင်ပဲ ၂၇,၁၄၀ စီး အထိ ကို ရောင်းချ ခဲ့ ရတာပါ။ အမေရိကမှာ ဆိုရင် Mach-E က ဒုတိယမြောက် ရောင်းအား အကောင်းဆုံး SUV တစ်စီး တောင် ဖြစ်ခဲ့ပြီး Tesla Model Y အပြီး အကောင်းဆုံး ဖြစ်ခဲ့တာပါ။ ၂၀၂၂ မှာတော့ Mustang ကား‌တွေကို အဆင့်မြှင့်တင် ပေးရာမှာ အနည်းငယ်လောက်ပဲ သိသာခဲ့ပြီး Ice White ၊ Shelby GT 500 Heritage Edition ၊ California Special ၊ Coastal Limited နဲ့ Stealth တို့လို ထူးခြားတဲ့ Special Edition ကားတွေကိုလည်း မိတ်ဆက် ပေးခဲ့ပါသေးတယ်။ အရောင်တွေ အပိုင်းမှာလည်း ကားသစ်တွေ အတွက် အရောင် ၈ ရောင် အထိ ရွေးချယ်စရာ အသစ်တွေ ထည့်ပေးထားပြီး လာမယ့် ၂၀၂၄ မော်ဒယ် လောက်မှာတော့ လုံးဝ ဒီဇိုင်း ပြောင်းလဲထားမယ့် Redesigned Version အနေနဲ့ ထွက်ပေါ်လာမယ်လို့ မျှော်လင့်ရပါတယ်။

Ref: MotorAuthority