ပြီးခဲ့တဲ့ မေ ၂၀၂၁ ကနေ အခုနှစ် မတ်လအကြားမှာတင်ပဲ နာမည်ကျော် Ford ကား ကုမ္ပဏီကြီးကနေ သူတို့ရဲ့ ၂၀၂၆ ခုနှစ် အထိ သတ်မှတ်ထားတဲ့ လျှပ်စစ် ကားကဏ္ဍ အတွက် အမေရိကန် ဒေါ်လာ ၂၀ ဘီလီယံ အထိ ထပ်မံရင်းနှီးမြှုပ်နှံ ခဲ့တာကြောင့် လျှပ်စစ်ကားတွေအတွက် စုစုပေါင်း မြုပ်နှံမှုက ဒေါ်လာ ၅၀ ဘီလီယံ အထိကိုရှိလာခဲ့ပါပြီ။ ဒါပေမယ့် အခုလို ငွေသုံးကြမ်းနေတာဟာ အစပဲ ရှိသေးတယ်လို့တောင် ပြောလို့ရပြီး အခုဆိုရင် လာမယ့် ၂၀၂၃ အကုန်မှာ လျှပ်စစ် ကားပေါင်း ၆၀၀,၀၀၀ ထုတ်လုပ်နိုင်ဖို့ မှာ ပစ်မှတ်ထားလိုက်ပြီ ဖြစ်ပါတယ်။ ဒီ အရေအတွက် အတိုင်းသာ ဆိုရင်တော့ Ford တို့က လာမယ့် ၂၀၂၆ အကုန်မှာ ကားအစီးရေ ၂ သန်း အထိကို ထုတ်ပေးနိုင်ဖို့ မျှော်မှန်းထား လိုက်တဲ့သဘောပါပဲ။ အခုလို ကားတွေ အများကြီး ထုတ်လုပ်နိုင်ဖို့ အတွက်ကို အစော ပိုင်း အရေးကြီးတာကတော့ ဘက်ထရီ အင်အားပြည့်ပြည့် ဖြည့်တင်းပေးနိုင်ဖို့ပါပဲ။ လက်ရှိမှာတော့ ကုမ္ပဏီကနေ နောက်ထုတ်လုပ်မယ့် ကားအစီးရေ ၆၀၀,၀၀၀ စာ အတွက် ဘက်ထရီရာနှုန်းပြည့် ထောက်ပံ့ပေးနိုင်နေပြီလို့ ဆိုထားပြီး လျှပ်စစ်ကား ၂ သန်းစာ ရည်မှန်းချက်အတွက်တော့ ၇၀% လောက် အဆင် သင့် ဖြစ်နေပြီလို့ သိရပါတယ်။

Photo Credit: motor 1.com

လာမယ့် နှစ်ကုန်ပိုင်းမှာဆိုရင်ပဲ ဥရောပ ဈေးကွက်အတွက် Mustang Mach-E အစီးရေ ၂၇၀,၀၀၀ ၊ F-150 Lightning Pickup ပေါင်း ၁၅၀,၀၀၀ ၊ Transit EV Van ပေါင်း ၁၅၀,၀၀၀ နဲ့  မဖော်ပြရသေးတဲ့ All-New Mid-Size SUV အသစ် ကိုတောင် ၃၀,၀၀၀ အထိ ထုတ်လုပ်သွားနိုင်ဖို့ အသီးသီး စီစဉ်ထားပြီးပြီပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကုမ္ပဏီရဲ့ ကားထုတ်လုပ်မှုတွေ အကုန်လုံးက လာမယ့် ၂၀၂၄ အရောက်မှာ သိသိသာသာကို မြင့်တက်လာတော့မယ်လို့ Ford က ဆိုထားပါပြီ။ Ford အနေနဲ့ အခု ကားသစ်တွေ အတွက် Contemporary Amperex နည်းပညာကုမ္ပဏီ ဆီကနေ Lithium Iron Phosphate ဆိုတဲ့ ဘက်ထရီ တွေကိုလည်း ထပ်ပေါင်း‌ထည့်ပေးထားပြီ ဖြစ်ပါတယ်။ ဒီ ဘက်ထရီအသစ် တွေကတော့ လက်ရှိ ကုမ္ပဏီက သုံးနေတဲ့ Nickel Cobalt Manganese ဘက်ထရီ တွေနဲ့အတူ နောက်ပိုင်းအတူတူ အသုံးပြုနိုင် တော့မှာပါ။ အဆိုပါ LiFePO Battery အသစ်တွေကိုတော့ မြောက်အမေရိက ဈေးကွက်ထဲက Mach-E ကားတွေ ဆီမှာ လာမယ့်နှစ်မှာတင် စတင်အသုံးပြုလာနိုင်ပြီဖြစ်ပြီး Lightning ကားသစ်တွေကိုတော့ ၂၀၂၄ အစောပိုင်း မှာတင်ပဲ အသုံးပြုပေးလာ နိုင်ပါတယ်။ တစ်ချိန် တည်းမှာပဲ Ford တို့က နည်းပညာကုမ္ပဏီကြီး LG Energy Solutions ကုမ္ပဏီ ၊ SK On စတာတွေနဲ့ ပူးပေါင်းပြီး ၂၀၂၃ မှာ ရည်မှန်းထားတဲ့ ထုတ်လုပ်ရေး ပမာဏတွေကို ပြည့်မှီအောင် ကြိုးစားနေပါသေးတယ်။ SK On ကုမ္ပဏီကတော့ Lightning နဲ့  E-Transit ကားသစ်တွေကိုထုတ်လုပ်ရာမှာ ၂၀၂၃ နှောင်းပိုင်း လောက်အထိ ကောင်းကောင်း ထောက်ပံ့ပေးထားနိုင်မယ်လို့ သိရပါတယ်။

Photo Credit: motor 1.com

လာမယ့် ၂၀၂၆ အကုန်မှာ လျှပ်စစ်ကား ၂ သန်း အထိ ထုတ်လုပ်နိုင်ဖို့ ဆိုတာကတော့ အတော်လေးကို ဖန်တီးမှု အားကောင်းကောင်းနဲ့ စီစဉ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဘက်ထရီတွေ ထုတ်လုပ်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းတွေ အတွက် သတ္တုတွင်း ကုမ္ပဏီတွေနဲ့ပါ အနီးကပ် ပူးပေါင်း ဆောင်ရွက် နေတယ်လို့ Ford က ဆိုထားပါတယ်။ ဒါပေမယ့် အခုလို ကားတွေ တိုးမြှင့်ထုတ်လုပ်မယ့် သတင်းကတော့ ဒီ့မတိုင်ခင် Ford က လာမယ့် နွေရာသီအကုန်မှာ အလုပ် သမားပေါင်း ၈,၀၀၀ လောက်ကို လျှော့ချတော့မယ်ဆိုတဲ့ သတင်းတွေနဲ့ တိုက်ဆိုင် နေတော့တာပါ။ လက်ရှိမှာတော့ အလုပ်သမား‌ကိစ္စတွေနဲ့ ပတ်သက်လို့ တိတိကျကျ အဆုံးသတ် အဖြေထုတ်ပေးတာမျိုးတွေ မရှိ သေးပါဘူး။ CEO Jim Farley စီစဉ်ထားတဲ့ ကုမ္ပဏီရဲ့ Ford + Plan အရ ဆိုရင်တော့ လာမယ့် ၂၀၂၆ အရောက် မှာ ထုတ်လုပ်မှု ကုန်ကျစရိတ် တွေရဲ့ ဒေါ်လာ ၃ ဘီလီယံ အထိကို လျှော့ချဖြတ်တောက်သွားမှာဖြစ်ပြီး သူ့ရဲ့ အဓိကအစီအစဉ်ကတော့ ကုမ္ပဏီကို လျှပ်စစ်ကား တွေ အတွက် Model E နဲ့ သာမန် ICE ကားတွေအတွက် Blue ဆိုတဲ့ ၂ ပိုင်း ခွဲပေးထားဖို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအခြေအနေတွေနဲ့ ထုတ်လုပ်မှု အရေအ တွက်စံချိန် ပစ်မှတ်တွေကို အောင်မြင်အောင် လုပ်ဆောင်သွား နိုင်မလားဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။

Ref: motor 1.com