Ford F-150 Lightning ကားအသစ် အတွက် အမှာစာတွေကို အခုချိန်ကစလို့ စတင် လက်ခံနေပြီဖြစ်ပြီး လာမယ့် နွေဦး ရာသီမှာတော့ ပထမ အသုတ်ကို စတင်ပို့ဆောင် ပေးတော့မှာပါ။ ကားရဲ့ Base Pro Model ဆိုရင် $ 40,000 လောက်ကနေ စတင်ကျသင့်မှာ ဖြစ်ပြီး တကယ်လို့ မိုင် ၃၀၀ လောက် Range ကိုလိုချင်သေးတယ် ဆိုရင်တော့ ပိုကြီးတဲ့ ဘက်ထရီ Pack ကို ထပ်မံတပ်ဆင်ရမှာဖြစ်ပြီး $ 72,474 လောက်အထိတော့ အနည်းဆုံး ကျသင့်နိုင်ပါတယ်။ တကယ်လို့ ဘက်ထရီအပို ထပ်စိုက်တယ်ဆိုရင်တော့ ပိုကောင်းသွားမှာတစ်ခုက အဆို ပါ ဘက်ထရီ ပမာဏဟာ အိမ်တစ်အိမ်လုံးရဲ့ လျှပ်စစ်စွမ်းအင် လိုအပ်ချက် ပမာဏကိုတောင် ၃ ရက် လောက် အထိ ထောက်ပံ့ပေးထားနိုင် မယ် ဆိုတာပါပဲ။ ဒီအတွက် အရေးပါတဲ့ နည်းပညာတစ်ရပ်ကတော့ Ford Intelligent Backup Power Feature ကြောင့်ပဲ ဖြစ်ပါတယ်။ အခုလိုမျိုး အိမ်တစ်အိမ်လုံးစာအတွက် လျှပ်စစ်ဓာတ်အား ပြန်လည် ထောက်ပံ့ပေးနိုင်မယ့် နည်းပညာကိုတော့ Ford အနေနဲ့ Sunrun ဆိုတဲ့ နေရောင်ခြည် စွမ်းအင်သုံး ကုမ္ပဏီ အကြီးစားတစ်ခုနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို လုပ်ဆောင်တာကတော့ ကုမ္ပဏီ ရဲ့ Pickup Truck အပိုင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး 131 kWh Battery Pack ကြောင့် ကားကနေပြန်ထုတ်ပေးနိုင်မယ့် လျှပ်စစ်စွမ်းအင် က 9.6 kW လောက် အထိကို ဖြစ်သွားပါတယ်။ ပိုပြီး အရေးကြီးတာ တစ်ခုကတော့ အမေရိကမှာဆိုရင် အိမ်တစ်လုံးရဲ့ တစ်နေ့တာ ပျမ်းမျှ လျှပ်စစ်အသုံး ပြုမှုက 30 kWh လောက် ရှိတာကြောင့် Zero Emissions အိမ်တစ်လုံးအတွက် ဆိုရင် အခုကားရဲ့ဘက်ထရီ အပိုကြောင့် ထောက်ပံ့ပေးနိုင်မှုဟာ ၃ ရက်လောက် အထိ ဖြစ်သွားတာပါပဲ။
ဒါပေမယ့် အခု ကားကို အိမ်အတွက် မီးပေးနိုင်ဖို့ Power Bank လို ပြန်သုံးချင်တယ် ဆိုရင်တော့ အိမ်မှာလည်း Sunrun ရဲ့ Home Integration System ကို ထည့်သွင်း တပ်ဆင် ထားရဦးမှာပါ။ အဆိုပါ စနစ်ကတော့ ကားကနေ တစ်ဆင့် အမျိုးမျိုးသော နည်းစနစ်တွေ နဲ့ လျှပ်စစ်ဓာတ်အား ပြန်ပေးလို့ ရအောင် ကူညီပေးနိုင် မှာပါ။ အဆိုပါ စနစ် တစ်ခုလုံးမှာဆိုရင် Power Inverter တစ်ခု ၊ Dark Start Battery တစ်လုံးနဲ့ Two Way သုံးလို့ရနိုင်မယ့် Transfer Switch တို့လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါတင်မကသေးပဲ အဆိုပါ ကုမ္ပဏီ ကတော့ Home Solar စနစ် ရွေးချယ် စရာတွေကိုပါ ရောင်းချသေးတာ ဖြစ်ပြီး Ford ရဲ့ လျှပ်စစ်ကား အတွက်ပါ အသုံးတည့်မယ့် အိမ် တွင်းအားသွင်း ကိရိယာတွေကိုလည်း တစ်ပါတည်း ဝယ်ယူနိုင်ပါသေးတယ်။
ဒါကြောင့် အခု F-150 Lightning ကားအသစ်ကတော့ အားပေးသူတွေအတွက်တင်မကပဲ သူတို့ရဲ့ အိမ်တွေ အတွက် ကိုပါ လျှပ်စစ်ဓာတ် အား ပြန်ထောက်ပံ့ ပေးနိုင်တဲ့အထိ အကျိုးပြုနိုင်ပြီ ဖြစ်တယ်လို့ Ford Charging And Energy Services Director ဖြစ်သူ Matt Stover က ဆိုထားပါတယ်။ Sunrun ကုမ္ပဏီ နဲ့ ပူးပေါင်းလိုက်တာကလည်း ကားကိုလုံးဝထင်မှတ်မထားတဲ့ စွမ်းအင်သိုလှောင်ရာ ပစ္စည်း တစ်ခုအဖြစ်ကို ကောင်းကောင်းပြောင်းလဲ ပေးသွားနိုင်တာဖြစ်ပြီး အနာဂါတ်မှာပေါ်ပေါက်လာဦးမယ့် လျှပ်စစ် Truck တွေ အတွက်လည်း ကာဗွန်လျှော့ချနိုင်မယ့် အခုလို နည်းလမ်းတွေကို ထောက်ပံ့ပေးရာ ရောက်တယ်လို့ Matt Stover က ဆိုထားတာပဲ ဖြစ်ပါတယ်။ အခု စနစ်ရဲ့ အသေးစိတ် အချက်အလက်တွေကို မဖော်ပြထား သေးပေမယ့်လည်း Ford ကတော့ ကားရဲ့ အပိုပါဝင်လာမယ့် လုပ်ဆောင်ချက် အသစ်တွေ အကြောင်းကို သေချာ တရားဝင် မိတ်ဆက် ပေးသွားဦးမယ်လို့ ဆိုထားပါတယ်။ ဒီ နည်းပညာသာ နောက်ပိုင်း အဆင်ပြေလာ ခဲ့ရင်တော့ အိမ်ရဲ့ လျှပ်စစ်အခွန်အခ ကုန်ကျစရိတ်ကို ချွေတာချင်သူတွေ ရော ပုံမှန်ထက် မီးအား ပိုသုံးချင်သူတွေ အဖို့ကိုပါ အဆင်ပြေစေ တော့မှာပဲ ဖြစ်ပါတယ်။
Ref: motor 1.com