ကား ဒီဇိုင်းတွေထဲမှာ ကြည့်လိုက်တာနဲ့ လှပနေတာပဲ ဆိုတဲ့ အမြင်မျိုးကိုပေးနိုင်တဲ့ ကုမ္ပဏီတွေ ထဲမှာတော့ Ford က ထိပ်ဆုံးမှာရှိနေမှာမဟုတ်ပါဘူး။ ဒီလိုဆိုတိုင်းလည်း Ford ရဲ့ ကားတွေက ဒီဇိုင်းမကောင်းတာ လား ဆိုတော့လည်း မဟုတ်ပြန်တာ ဖြစ်ပါတယ်။ တကယ်တော့ Bronco ဆိုရင်လည်း Retro Design နဲ့ ဆရာကျသလို ၊ Mustang ဆိုရင်လည်း ထူးခြားတဲ့ Muscle Car ပုံစံ ကို ပေးနိုင်ဆဲပါ။ ဒါပေမယ့် အခု ကား မော်ဒယ် အသစ်တစ်ခုကိုတော့ Ford ဆီကနေ မြင်တွေ့ထားရပြီး ကြည့်လိုက်တာနဲ့တင် ဝိုးခနဲ ဖြစ်သွားစေ မယ့် ကားပုံစံကိုတွေ့ရမှာပါ။ အနာဂါတ်မှာတော့ လျှပ်စစ်ကားတွေ ကြီးစိုးလာတော့မှာနဲ့အမျှ ကားဒီဇိုင်း တွေကိုလည်း ပုံမှန်ထက် ပိုမို ဆန်းသစ်ဖို့ လိုလာနေပြီး Ford ရဲ့ အဓိက ဒီဇိုင်နာ ခေါင်းဆောင်ဖြစ်သူ Anthony Lo ကပါ ဒီလမ်းစဉ်ကို လိုက်လာပုံရပါတယ်။ Renault ရဲ့ ဒီဇိုင်နာလည်း ဖြစ်ခဲ့ဖူးတဲ့ ၎င်းကတော့ အခုပုံထဲမှာ မြင်ရတဲ့ Concept ကား ဒီဇိုင်းလိုမျိုး ပိုထူးခြားတာ တွေကို ချပြနိုင် ဖို့ ကြိုးစားနေတယ်လို့ ဆို ထားပြီး ယာဉ်တွေဆိုတာ ဘယ်လိုပုံစံမျိုးလည်း ဆိုတာကို တစ်သက်နဲ့တစ်ကိုယ် မကြုံဖူးတဲ့ အပြောင်းအလဲ တွေ မြင်ရလိမ့်မယ်လို့လည်း ပြောထားပါသေးတယ်။ အခု ပြထားတဲ့ Concept Car ပုံရိပ်ကိုတော့ သာမန် ထက် ပိုထူးခြားတဲ့ အသွင်တစ်ရပ် အနေနဲ့ ရည်ညွှန်းထားပြီး အနာဂါတ် Ford ရဲ့ ဒီဇိုင်း ပုံစံက ဘယ်လို ဖြစ် လာ မှာလည်း ဆိုတာကိုပါ စတွေးတောမိစေမယ်လို့ သိရပါတယ်။

Photo Credit: CARBUZZ

ပြိုင်ဘက် ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Lincoln ဆိုရင်လည်း လာမယ့် ၂၀ ရက်နေ့မှာ ချပြမယ့် ဇိမ်ခံ လျှပ်စစ်ကား သစ်အတွက် Concept ပုံရိပ်တစ်ချို့ကို အစောပိုင်းကတည်းက ချပြခဲ့ဖူးတာ ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ ကားထက်စာရင် အခုနောက်ပိုင်းမြင်ရမယ့် Ford ရဲ့ Concept Design တွေက ပိုပိုပြီးတော့ စိတ်လှုပ်ရှား စရာ ကောင်းလာ လိမ့်မယ်လို့လည်း အဆိုပါ ဒီဇိုင်း ပညာရှင် Lo က ‌ဆိုထားတာပါ။ အခုလို Concept တွေ ကနေ တစ်ဆင့် အနာဂါတ် မှာ ဘယ်လို ကားဒီဇိုင်းမျိုး တွေကို လူတွေ ကြိုက်ကြမလဲဆိုတာ စဉ်းစားလာမိ စေလိမ့်မယ်လို့ Lo က ရှင်းပြထားတာ ပြီး အခု Ford Bronco Design တွေကို လူကြိုက်များနေတုန်းဖြစ် ပေမယ့် အနာဂါတ် မှာ အဆိုပါ ကားရဲ့ ပုံရိပ် ကို ဘယ်လို ဒီဇိုင်း အသစ်နဲ့ ဆက်လက် သယ်ဆောင်သွားမှာလဲ ဆိုတာက ပိုအရေးကြီးတယ်လို့လည်း ၎င်းက စဉ်းစားထား ပါတယ်။ လျှပ်စစ်ကားတွေ ဖြစ်လာတဲ့ အခါမှာ ကားအတွင်းခန်း ဒီဇိုင်းတွေကိုပါအဓိက ပြောင်းလဲလာ နိုင် စေပြီး အနာဂါတ် ကား တစ်စီးကို ထိန်းချုပ်ဖို့ အတွက် အခုခေတ်ထက် စာရင် User Interface ကောင်းကောင်းရဖို့ကိုပဲ ပိုပြီး အားထုတ်ကြရမှာ ဖြစ်တယ် လို့လည်း Lo က ထောက်ပြထားတာပါ။

Photo Credit: CARBUZZ

အဆိုပါ အသက် ၅၇ နှစ် အရွယ် ဒီဇိုင်းပညာရှင် ကတော့ Ford Blue နဲ့ Model E Division တွေ တွက် အလုပ်လုပ်ကိုင်ပေးရမှာပါ။ လက်ရှိမှာလည်း Mustang Mach-E ထုတ်လုပ်တုန်းက သူ့ရဲ့ ဒီဇိုင်း အိုင်ဒီယာ တွေ အတော်များများ ပါဝင်ခဲ့ကာ အထူးသဖြင့် Lo ကတော့ Muscle Car တွေရဲ့ ဒီဇိုင်းကို ခေတ်နဲ့ လျော်ညီ အောင် မှတ်မိ နေစေချင်တာပဲ ဖြစ်ပါတယ်။ ဘယ်လို ကားမျိုးမဆို Brand တစ်ခုဆိုတာကို မြင်လိုက်တာနဲ့ သိသာနေစေမယ့် အမှတ်သညာက ပိုအရေးကြီးပေမယ့် အပြောင်းအလဲတွေလည်း လုပ်သွားဖို့ လိုအပ်ပြီး Digital နည်းပညာ အရရော လက်‌တွေ့ ‌ကားကို ထိတွေ့ရတဲ့ အပိုင်းမှာပါ အသစ်တွေ ဖြစ်လာဖို့ လိုတယ်လို့ Lo က ဆိုထားပါသေးတယ်။ လက်ရှိ အထိတော့ ဘယ်လို ကားမျိုးတွေ အနာဂါတ်မှာ Ford ‌ဆီကနေ ထွက် လာမလဲဆိုတာ အတိအကျ မသိ‌ရသေး ပေမယ့်လည်း သေချာတာကတော့ အနာဂါတ် မှာ Ford Concept တွေနဲ့တင် အတော်လေး စိတ်လှုပ်ရှားစရာ ကောင်းလာမှာအမှန်ပါပဲ။ ဒါ့အပြင် ဒီဇိုင်းအကြောင်းတွေ ခန့်မှန်း ကြရင်း Ford ပရိသတ်တွေ  မျှော်လင့်နေကြတဲ့ လျှပ်စစ်စွမ်းအင်သုံး GT မျိုးဆက်သစ် ကားတစ်စီး လာမယ့် လပိုင်းတွေထဲမှာ မြင်ရတော့မလား ဆိုတာလည်း စိတ်ဝင်တစား စောင့်ကြည့်ကြရတော့မှာပါ။

Ref: carbuzz.com