၂၀၁၈ လောက် ကတည်းက ထုတ်လုပ်လာခဲ့တဲ့ Ford Bronco Sport SUV ကားတွေကို အင်ဂျင်စက်ဖုံး အောက်ကနေ မီးလောင်နိုင်ခြေရှိတယ်ဆိုတဲ့ အနေအထားကြောင့် မဖြစ်မနေမဟုတ်တဲ့ ပြန်လည် သိမ်းဆည်း မှုတွေ ပြုလုပ်ရဖို့ ရှိလာ ပါတယ်။ အဆိုပါ ပြန်လည် အသိမ်းခံရနိုင်တဲ့ စာရင်းထဲမှာတော့ Ford Escape ကားပေါင်း ၃၃၃,၃၄၂ ၊ Bronco Sport ပေါင်း ၁၈၈,၄၃၆ အထိ ပါဝင်တာကြောင့် စုစုပေါင်း အစီးရေ ၅၂၁,၇၇၈ စီးအထိကို ရှိနေမှာပါ။ အခု ကားတွေ ပြန်လည် သိမ်းဆည်းခံရတဲ့ အကြောင်းအရင်းကတော့ Fuel Injector တွေဖြစ်ပြီး ကျိုးပဲ့ကာ ရုတ်တရက် ဆီယိုစိမ့်ပြီး မီးလောင်နိုင်တာကြောင့် ဖြစ်ပါတယ်။

Photo Credit: motor 1.com

NHTSA ရဲ့ မှတ်ချက် အရတော့ အခုလိုမျိုး Fuel Injector ချို့ယွင်းတာကြောင့် Cylinder ခေါင်းလေးထဲကို ဆီယိုစိမ့်နိုင်မှုက တစ်နာရီကို ၁၉ လီတာ အထိ ရှိလာနိုင်တယ်လို့ သိရပါတယ်။ ဒီပမာဏ အတိုင်းသာ ဆိုရင် ယိုစိမ့်လာ တဲ့ ဆီတွေက Drain Hole ပေါက်ကနေတစ်ဆင့် အိတ်ဇော ၊ တာဘို စနစ်တွေဆီ ရောက်ပြီး မီးလောင်နိုင်တာပါ။ ပြန်လည် သိမ်းဆည်း ခံရမယ့် ကားတွေရဲ့ သက်တမ်းအရတော့ ၂၀၁၈ ခုနှစ် ၊ နိုဝင်ဘာ ၁၉ ရက်နေ့ ထုတ်တဲ့ ကားက စလို့ ၂၀၂၂ ၊ အောက်တိုဘာ ၁၇ ရက် နေ့အထိ ထုတ်လုပ်တဲ့ ကားတွေအထိ ပါဝင်မှာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

အခု အပိုင်းကို ပြင်ဆင်ပေမယ့် အနေအထားကတော့ အင်ဂျင်ပိုင်းဆီလိုင်းမှာ ဆီ‌ယိုစိမ့်ပြီး လျော့နေပြီဆိုရင် Instrument Cluster ကနေတစ်ဆင့် ယာဉ်မောင်းကို အသိပေးနိုင်မယ့် Engine Control Software ကို အဆင့်မြှင့်တင် ပြင်ဆင် ပေးမှာပါပဲ။ ဒါ့အပြင် ဆလင်ဒါ ခေါင်းထဲကို ဆီ မကျရောက်နိုင်ဖို့ အတွက်လည်း ကြားထဲမှာ နောက်ထပ် Drain Tube တစ်ခုကိုပါ ထည့်ပေးထားရ ဦးမှာပါ။ တကယ်တော့ Escape နဲ့ Ford Bronco Sport ကားတွေအတွက် အခုလို သိမ်းဆည်း ခံရတာ ပထမဆုံးအကြိမ် မဟုတ်တော့ပဲ မနှစ်က ဧပြီလတုန်းကလည်း Engine Oil Separator လေး နေရာလွဲနေလို့ ‌မီးလောင်နိုင်တယ်ဆိုတဲ့ အကြောင်းပြ ချက်နဲ့ ပြန်လည် သိမ်းဆည်းကာ ဖြေရှင်းပေးခဲ့ ရသေးတာ ပဲ ဖြစ်ပါတယ်။

Ref: motor 1.com