ပြီးခဲ့တဲ့ ၂၀၂၁ တုန်းကပဲ Ford ကနေ BlueCruise ဆိုတဲ့ Driver-Assist နည်းပညာကို ကားတစ်ချို့မှာ စတင် ထုတ်ပေးခဲ့ပြီး အခုဆိုရင် Version 1.2 အထိ ရောက်လာခဲ့ပါပြီ။ အခုတစ်ခေါက် Update ကတော့ အတော်လေး တိုးတက်လာတာဖြစ်ပြီး အလိုအလျောက်ကို လမ်းကြောင်းပြောင်းပေးနိုင်တဲ့အထိ ဖြစ်လာပါတယ်။ အခုလို အဆင့်မြင့်စနစ် တစ်ခုကတော့ အစပိုင်း တရားဝင် ကြေညားထားဖူးတဲ့ စနစ်တွေထဲက တစ်ခုပဲ ရှိသေးပြီး Lincoln ရဲ့ ActiveGlide လို့ ခေါ်တဲ့ အလားတူ စနစ်မှာပဲ ရရှိနိုင်ပြီ ဖြစ်ပါတယ်။ အဆိုပါ စနစ်ကို ၂၀၂၂ ဆောင်းဦးမှာ စတင် သုံးနိုင်မှာဖြစ်ပြီး 2023 Ford Mustang Mach-E ကားတွေမှာ အရင်ဆုံး ရရှိလာမှာပါ။ Ford ရဲ့ ကြေညာချက်ထဲမှာ တော့ အခြားသော ကားတွေအကြောင်း မပြောသွားသေးသလို လက်ရှိ BlueCruise စနစ်သုံးထားတဲ့ Ford ကားတွေ မှာ အဆင့်မြှင့်တင်ဖို့လည်း တိကျတဲ့ အဖြေတော့ မပေးသွားခဲ့သေးပါဘူး။ လက်ရှိမှာတော့ Updates တွေ ကမရနိုင် သေးပဲ Ford Power-Up နဲ့ Lincoln Enhance Software Update တွေ အကြောင်းကိုလည်း နောက်ပိုင်း ရက် တွေမှာ အသေးစိတ် ထပ်မံထုတ်ပြန်လာပေးမယ်လို့ Ford ဘက်ကတော့ အတည်ပြုထားပါတယ်။

Photo Credit: motor 1.com

သေချာတာ တစ်ခုကတော့ အခုတစ်ခေါက် Ford BlueCruise 1.2 Version မှာ အလိုအလျောက် လမ်းကြောင်းပြောင်းတာတွေထက် အများကြီး ပိုတာတွေပါလာနိုင်ပြီး လမ်းအတွင်း ဘေးဘီဝဲယာက ကားကြီးတွေ ရှိမရှိ သိနိုင်တာတွေကအစ ပိုပြီး သဘာဝဆန်လာမယ်လို့လည်း Ford က ဆိုထားပါတယ်။ ကြိုတင်ခန့်မှန်းလို့ ရမယ့် Speed Assist Function အသစ်ကလည်း ကားရဲ့ အရှိန်ကို အကွေ့တွေနား ရောက်တာနဲ့ အလို အလျောက် ချိန်ညှိ မောင်းနှင်ပေးတာ မျိုးတွေအထိ လုပ်လာနိုင်သလို အဆိုပါ အခြေအနေတွေမှာ မြန်နှုန်းအပြောင်းအလဲ ရှိနိုင်တာ တွေ ကိုလည်း ယာဉ်မောင်းကို ကြိုတင် အသိပေးနိုင်ဦးမှာပါ။ ဒါပေမယ့်အလို အလျောက် လမ်းကြောင်းပြောင်းတဲ့ စနစ်မှာ တော့ အားလုံးအလိုအလျောက်တော့ မဖြစ်နိုင်သေးပါဘူး။ ယာဉ်မောင်းက စတီယာတိုင်ကိုကိုင်ပြီး ကွေ့စရာ မလိုပေမယ့်လည်း ဘေးအချက်ပြမီးလေးတော့ ဖွင့်ပေးပြီး လမ်းကြောင်းပြောင်းတာကို အတည်ပြုပေးရမှာပါ။ ဘယ်လမ်းကြောင်းကို ပြောင်းသင့်လဲဆိုတာကလည်း ယာဉ်မောင်းကို အကြံပြုပေးနိုင်မှာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

Ford ရဲ့ Model-E Division အပိုင်းက ဒီဂျစ်တယ် စနစ်တွေရဲ့ ခေါင်းဆောင်ဖြစ်သူ Doug Field ကတော့ သူတို့ အနေနဲ့ အဆင့်မြင့် ယာဉ်မောင်းအကူ စနစ် ADAS ကို သေချာသုတေသန လုပ်ရင်း BlueCruise နဲ့ ActiveGlide စနစ်တွေကို အမြဲ တိုးတက်အောင် လုပ်နေတယ်လို့ ဆိုထားပါတယ်။ အခု နောက်ဆုံး Update တွေမှာဆိုရင် Turn Signal လေးသုံးရုံနဲ့ လမ်းကြောင်း ပြောင်းပေးတာ ၊ လူသားတစ်ယောက်လို ချောချောမွေ့မွေ့နဲ့ ပူးပေါင်းပြီး အလို အလျောက် လုပ်ဆောင် ပေးနိုင်တာတွေအပြင် ဘေးဘက်က ကားကြီးတွေကိုပါ သတိပြုပေးလာနိုင်တဲ့ အထိ တိုးတက်လာပြီ ဖြစ်တယ်လို့ ၎င်း က ဆိုထားပါတယ်။ အခုလို တိုးတက်မှုတွေက အနာဂတ်ရဲ့ လုံခြုံရေးပိုင်းတွေ အတွက် အစပဲ ရှိသေးသလို ပိုပြီးလည်း အရေးပါတဲ့ လုပ်ဆောင်ချက်တွေ ရလာလိမ့်ဦးမယ်လို့ သိရပါတယ်။ Ford ကတော့ လက်ရှိ  BlueCruise စနစ်မှာ မိုင်ပေါင်း ၁၃၀,၀၀၀ အထိ အလုပ်လုပ်နိုင်ပြီဖြစ်ပြီး Ford နဲ့ Lincoln ကား ပိုင်ရှင်ပေါင်း ၇၅,၀၀၀ လောက်က စနစ်ကို အသုံးပြုနေကြပြီလို့ ဆိုထားပါတယ်။ အထူးသဖြင့် အခုနှစ် အစောပိုင်းမှာ အဆိုပါစနစ် သုံးလို့ ရလာခဲ့တဲ့ Mustang Mach-E နဲ့ F-150 တွေမှာ ပိုပြီး အသုံးပြုလာခဲ့တာပဲ ဖြစ်ပါတယ်။

Ref: motor 1.com