Fisker ကား ကုမ္ပဏီအတွက် ကတော့ လတ်တလောမှာ Ocean ဆိုတဲ့ လျှပ်စစ် SUV ကား တစ်စီးကို ဈေးကွက်ထဲ အောင်မြင်ဖို့ အတော် အရေးကြီးနေပြီး အဆိုပါကားအပေါ် ရလာမယ့် အမြင်တွေနဲ့ ဈေးကွက်ရဲ့ တုန့်ပြန်မှုတွေကို အနာဂါတ်အတွက် ပြန်အသုံးချရမှာပဲ ဖြစ်ပါတယ်။ တကယ်လို့သာ အဆိုပါ Ocean ကားက အောင်မြင်နိုင်ခဲ့မယ် ဆိုရင်တော့ Fisker အနေနဲ့ နောက်ထပ် ကားသစ် ၂ မျိုး အထိ ထုတ်လုပ်ပေးနိုင်ဖို့ ရှိနေပါသေးတယ်။ အဆိုပါ ကားတွေ ကတော့ Ronin ဆိုတဲ့ နာမည်နဲ့ တံခါး လေးပေါက်ပါ အမိုးဖွင့် Sports Car နဲ့ $ 29,900 လောက်အထိရှိကာ ဈေးသက်သာတဲ့ လျှပ်စစ် ကားတစ်စီး ဖြစ်လာမယ့် Pear တို့ပဲ ဖြစ်ကြပါတယ်။

Photo Credit: InsideEvs

ဒီ နှစ်စီးထဲကမှ Pear နဲ့ ပတ်သက်လို့ အတော်များများကို ကုမ္ပဏီဘက်က Tease လုပ်ခဲ့ကာ အနည်းအကျဉ်း ပြသထား ဖူးပါတယ်။ အခုဆိုရင်တော့ အဆိုပါ ကားကိုထုတ်လုပ်မယ့် အဆင့်ရောက်ရင် ဘယ်လောက်အထိဖြစ်လာနိုင်မလဲဆိုတဲ့ ပုံကြမ်းကို ပေါ်ထွက်လာခဲ့ပါပြီ။ တကယ်တော့ မကြာသေးမီကမှ ထွက်ပေါ် ထားခဲ့တဲ့ Fisker ရဲ့ Teaser ပုံရိပ်တွေကတော့ Concept အဆင့်နဲ့ ထုတ်လုပ်တဲ့ ကား အဆင့်တို့ အကြားမှာသာရှိထား သေးတာကြောင့် တကယ်တမ်း ထုတ် လုပ်တဲ့ အဆင့်ရောက်လာရင်လည်း မြင်ထားရသလိုလို အတူတူပဲ ဖြစ်လာမလား၊ ပြောင်းလဲလာဦးမလား ဆိုတာကိုတော့ သေချာစောင့်ကြည့် ရဦးမှာပါ။ ပြီးခဲ့တဲ့ လပိုင်းတုန်းက ကုမ္ပဏီ ‌တည်ထောင် သူ Henrik Fisker ကိုယ်တိုင်ကို Pear ကားသစ်က Hatchback လား ၊ ဒါမှမဟုတ် Crossover ဖြစ်လာမလား မေးခဲ့ ကြပေမယ့် ၂ မျိုးလုံး မဖြစ်လာနိုင်ပဲ ကိုယ်ထည်ပုံစံ အသစ်သာ ဖြစ်လာဖို့ ရှိတယ်လို့ ဆိုခဲ့ပြန်ပါတယ်။ ဒါ့အပြင် အဆိုပါ ကားသစ်မှာ တော့ ပုံမှန် Hatchback ကားတွေလိုမျိုး အနောက်ဘက်မှာ အပေါ်လှန်ဖွင့်ရတဲ့ တံခါးအပွင့် ပုံစံမျိုးမမြင်ရနိုင်ဘူးလို့လည်း Fisker က မှတ်ချက်ပြုထားပါတယ်။ ဒါ့အပြင် သာမန်ကားတွေနဲ့ ကွဲထွက်ပြီး နေရာခပ်ကျဉ်းကျဉ်းမှာတောင် ကားအနောက်ဘက်ကို အဆင်ပြေပြေ လွယ်လွယ်ကူကူနဲ့ ဖွင့်နိုင်မယ့် ဒီဇိုင်းအသစ်မျိုး ဖြစ်လာ နိုင်မယ်လို့ ဆိုထား ပါသေးတယ်။

Photo Credit: InsideEvs

ဒါပေမယ့် တကယ်တမ်း ထုတ်လုပ်မယ့် အဆင့် Pear ကားသစ်က ဘယ်လို ပုံစံမျိုး ဖြစ်လာနိုင်မလဲ ဆိုတာတော့ အတိအကျ ပြောဖို့ ခက်နေသေးပြီး Series အလိုက် ကားပုံစံမျိုးလည်း ဖြစ်လာ နိုင်ပါသေးတယ်။ အခု ဆိုရင်တော့ အဆိုပါ ပုံစံကို Top Electric SUV က နေ ပုံကြမ်း ဆွဲပေးလာပြီ ဖြစ်ပြီး အတော်လေး တော့ ကြည့်ကောင်းတဲ့ ပုံပေါက်ပေမယ့်လည်း ပုံမှန်ထက်တော့ ထူးခြား နေပြန်ပါတယ်။ ပြောရရင်တော့ ဒီဂျစ်တယ် ပုံကြမ်းက ဆိုးရွားနေတာမျိုး မဟုတ်ပေ မယ့် ကားရဲ့ ပုံစံကတော့ မြင်နေကြတွေနဲ့ လုံးဝကွဲထွက် နေမယ့် အသွင် သဏ္ဍာန်မျိုး ဖြစ်လို့ နေပါတယ်။ ရုတ်တရက် ကြည့်လိုက်မယ် ဆိုရင်တော့ ကားရဲ့ A-Pillar တွေကအစ Fiat Multipla ကား ကို ပဲ အနာဂါတ်ဆန်ဆန် ခေတ်လွန်ပုံစံအသွင် ပြောင်းထားလိုက်သလား ထင်မှတ်ရနိုင် ပါတယ်။ အထူးသဖြင့် ရှေ့‌မီးကြီးတွေက ခပ်မြင့်မြင့် မတ်မတ် အသွင်နဲ့ အင်ဂျင်စက်ဖုံး ခပ်တိုတိုတို့ကြောင့် ပိုပြီး တူနေတာပါ။ ဒါပေမယ့်လည်း ကားရဲ့ အခြားသော အစိတ် အပိုင်း တွေ ကတော့ ဘီးအကြီးကြီး တွေနဲ့အတူ အတော်လေး ကွဲပြား ပါတယ်။ ဒီပုံကိုတော့ Henrik Fisker ကိုယ်တိုင်က Crossover လိုပဲလို့ ဆိုထား ပေမယ့် တကယ်တမ်း ကြည့်ရင်တော့ Crossover ပုံလည်း မဟုတ်သေးတာကြောင့် Fisker ပြောတဲ့အတိုင်း ဖြစ်လာမလား ၊ ဒီဇိုင်းအသစ် တကယ်ပဲ ထွက်လာမလား ဆိုတာတော့ သေချာ စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။

Ref: InsideEvs