Fiat ကား ကုမ္ပဏီကတော့ သူတို့ရဲ့ ပထမဆုံးသော လျှပ်စစ်ကားအဖြစ် 500e Minicar တစ်မျိုးတည်းကို လက်ရှိမှာ ရောင်းချ နေပေမယ့် မကြာခင်မှာပဲ နောက်ထပ် လျှပ်စစ်ကားသစ် ၂ မျိုးအထိ ထပ်မံ ထုတ်လုပ် ပေးလာတော့မယ်လို့ ဆိုလာ ပါတယ်။ Fiat ရဲ့ မူလ မိခင်ကုမ္ပဏီ Stelllantis ရဲ့ ပြီးခဲ့တဲ့ အင်္ဂါနေ့ က ၂၀၂၂ အတွက် ငွေစာရင်း ရှင်းတမ်း ကြေငြာရာမှာတော့ Fiat ရဲ့ ကားသစ်တွေ အကြောင်းကိုပါ ချပြခဲ့တာဖြစ်ပြီး အခု ၂၀၂၃ ရဲ့ ဒုတိယ နှစ်ဝက်မှာတင် လျှပ်စစ်ကား ၂ မျိုး ထပ်မံ မိတ်ဆက် လာတော့မှာပါ။ လက်ရှိမှာ ကားသစ်တွေရဲ့ အနေအထားကို အသေးစိတ် မဖော်ပြထား ပေမယ့်လည်း တစ်စီးကတော့ Jeep Avenger နဲ့ ဆက်စပ်နေမယ့် Subcompact Crossover ကားပဲ ဖြစ်လာပါလိမ့်မယ်။ အဆိုပါ Jeep Avenger ကလည်း မနှစ်ကမှ ချပြထားခဲ့တဲ့ Jeep ရဲ့ ပထမဆုံးသော လျှပ်စစ်ကား ဖြစ်ခဲ့တာပါ။ Fiat အနေနဲ့ 500X ကားရဲ့ နေရာမှာ အစားထိုးဖို့ စီစဉ်နေပြီး ၂၀၁၉ ကတည်းက မြင်ခဲ့ရတဲ့ Fiat ရဲ့ Centoventi Concept ကား ပုံစံကိုလည်း ယူဆောင် ပေးလာနိုင်ပါတယ်။ ‌ဒါ့အပြင် ကားသစ် တွေထဲက တစ်စီးကတော့ Panda အသစ် ဖြစ်လာလိမ့်မယ်လို့ လည်း သတင်း တွေ ထွက်ထားပြီး ဆယ်စုနှစ်တစ်ခုကျော်ကြာ ရောင်းချနေခဲ့တဲ့ လက်ရှိ Panda ကားကို အစားထိုးလာဖို့လည်း များနေပါတယ်။ ဒါ့အပြင် Brennero လို့ အမည်ရမယ့် ကားကလည်း Alfa Romeo Model နဲ့ ဆက်စပ်ပြီး ထွက်လာမယ့် ကားသစ်တစ်စီး ဖြစ်လာနိုင်သေးတယ်လို့ ယူဆနေကြပြန်ပါတယ်။

Photo Credit: MotorAuthority

ဒါပေမယ့် အခု ဒုတိယမြောက် လျှပ်စစ်ကားအဖြစ် ထွက်လာတော့မယ့် Fiat EV ရဲ့ တကယ့် အစစ်အမှန် ကားအမျိုး အစားက ဘယ်လိုလဲ ဆိုတာကိုတော့ ခန့်မှန်းလို့ မရနိုင်သေးပါဘူး။ Stelllantis ရဲ့ Opel Corsa နဲ့ Peugeot 2008 ကားတွေမှာ သုံးထားတဲ့ Platform နဲ့ အတူတူ သုံးလာနိုင်ပြီး Subcompact Hatch ကားတစ်စီးအသွင် ဖြစ်လာ လိမ့်မယ်လို့လည်း တစ်ချို့က ခန့်မှန်းနေကြပါတယ်။ အဆိုပါ ကားသစ် ၂ မျိုးလုံး ဒါမှမဟုတ် တစ်မျိုးကိုတော့ အမေရိက ဈေးကွက်အထိ အရောက်ပို့ပေးလာနိုင်ပါတယ်။ လက်ရှိ 500e လျှပ်စစ်ကားတွေကိုတော့ အမေရိက ဈေးကွက်ဆီ ၂၀၂၄ မှာ အရောက်ပို့ပေးမှာ ဖြစ်ကာ နောက်ပိုင်း လျှပ်စစ်ကားသစ် တွေကိုလည်း အဆိုပါကာလ နောက်ပိုင်း ဆက်တိုက်ပို့ပေးလာ နိုင်ပါတယ်။ Fiat ကတော့ အခုဆယ်စုနှစ် အကုန်မှာတင်ပဲ လျှပ်စစ်ကားသီးသန့် ထုတ်လုပ်တဲ့ ကုမ္ပဏီအဖြစ်ကို ကူးပြောင်းသွားဖို့ ရည်ရွယ် ကြိုးစားနေပြီလည်း ဖြစ်ပါတယ်။

Ref: MotorAuthority