Faraday Future ကုမ္ပဏီ ကတော့ သူတို့ရဲ့ နောက်ဆုံးပေါ် FF 91 ကားကို လုံလုံလောက်လောက် ထုတ်လုပ် ရောင်းချ နိုင်ဖို့အတွက် ဘဏ္ဍာရေးပိုင်း လိုအပ်ချက် ရှိနေတယ်လို့ ဆိုလိုက်ပါတယ်။ အဆိုပါ ကားကလည်း လွန်ခဲ့တဲ့ ၅ နှစ် ကတည်းက ချပြမိတ်ဆက်ထားခဲ့တဲ့ လျှပ်စစ်စွမ်းအင်သုံး Crossover ကားပဲ ဖြစ်ပါတယ်။ တက်သစ်စ လျှပ်စစ် စွမ်းအင်သုံး  ကားကုမ္ပဏီ အနေနဲ့ကတော့ သူတို့ရဲ့ အဆိုပါကားသစ်ကို အခုနှစ် အကုန် ဒါမှမဟုတ် အ‌ကျော်လောက် မှာ စတင် မထုတ်လုပ်နိုင်ခင် ငွေလိုအပ်ချက် ရှိနေတယ်လို့ ဆိုလိုက်တာပဲ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

သတင်း တစ်ခုတည်းမှာပဲ ကုမ္ပဏီကတော့ အခုနှစ် မကုန်ခင်မှာကိုပဲ ဘဏ္ဍာရေး ငွေကြေးအင်အား တောင့်တင်းလာ ဖို့ကို အပူတပြင်းလုပ်ဆောင်ဖို့ လိုအပ်နေပြီဖြစ်ပြီး FF 91 ကို တရားဝင် မိတ်ဆက် စတင် ရောင်းချဖို့လည်း လိုနေပါပြီ။ ကုမ္ပဏီဘက်ကတော့ အခုကား ထုတ်လုပ်ရောင်းချနိုင်ဖို့ အတွက် အားလုံးစုစုပေါင်း ကုန်ကျစရိတ်က ဒေါ်လာ သန်း ၂၀၀ လောက် အထိကို ရှိနေတယ်လို့ ဆိုထားပါတယ်။ အခုလို အခက်အခဲတွေ ကြုံနေရတယ် ဆိုပေမယ့်လည်း ကုမ္ပဏီ ဘက်ကတော့ အခုကားကို စတင်ထုတ်လုပ်ဖြစ်အောင် ဆုံးဖြတ်ထားပြီး ကားသစ်တွေကို အမေရိက ဈေးကွက်ထဲမှာ ဆိုရင် အခုနှစ်ရဲ့ တတိယ ၃ လ ပတ် ဒါမှမဟုတ် စတုတ္ထ ၃ လ ပတ်လောက်ထဲ အရောက် ပို့ပေးနိုင်ဖို့ ကြိုးစား နေပါတယ်။ ထုတ်လုပ်မှုတွေကိုတော့ အမေရိကန် နိုင်ငံ ၊ Handford မှာရှိတဲ့ ကုမ္ပဏီရဲ့ ကိုယ်ပိုင်စက်ရုံမှာ ကိုပဲ ဖန်တီးထုတ်လုပ် သွားမှာပါ။

Photo Credit: MotorAuthority

ကားကိုတော့ အခြေခံ ဈေးနှုန်း $ 120,000 လောက် နဲ့ စတင် ရောင်းချသွားမှာဖြစ်ပြီး တရားဝင် မိတ်ဆက်တဲ့ အခါ မှာ ဆိုရင်တော့ အတော်လေးထူးခြားနေမယ့် အထူးထုတ် ကားသစ်တစ်မျိုးကိုလည်း ဖန်တီးပေးသွားဦးမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အဆိုပါ အထူးထုတ် ကားကတော့ ကြမ်းခင်းဈေး $ 180,000 လောက်က စတင် နိုင်ပြီး မေလတုန်းကတော့ အခုနှစ်ရဲ့ ပထမ ၃ လပတ် ကာလ မကုန်ခင်မှာတင်ပဲ ကားအစီးရေ ၄၀၁ စီးကို အကြိုမှာယူထားကြပြီး ဖြစ်တယ်လို့ ကုမ္ပဏီဘက်က ထုတ်ပြောထားဖူးပါတယ်။ ဒီကားထက် နည်းနည်း ပိုသေးတဲ့ FF 81 နဲ့ FF 71 Crossover ကားတွေကိုလည်း ဆက်လက် ထုတ်လုပ်နိုင်ဖို့ စီစဉ်ထားပြီး ဈေးနှုန်းတွေကတော့ $ 74,000 နဲ့ $ 45,000 ဝန်းကျင်တွေလောက် ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ကုန်ပစ္စည်းပို့ဆောင်ရေးနဲ့ သက်ဆိုင်မယ့် ယာဉ်တစ်မျိုး ကိုလည်း ကုမ္ပဏီဘက်က နေချပြလာဦးမှာ ဖြစ်တာကြောင့် အနာဂါတ်ကိုတော့ သေချာစောင့်ကြည့် ရတော့မှာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority

(17) ပိုက်ဆံရှိတောင်ဝယ်လိုမရတဲ့ အလန်းစားကားတွေအကြောင်း – YouTube