ကားသမိုင်း တစ်လျှောက်မှာ အတော်လေး ချစ်စရာကောင်းတဲ့ ကားတော်တော်များများ ပေါ်ထွက်လာခဲ့ဖူးပြီး အဆိုပါ ကားတွေထဲမှာမှ ၂၀၁၆ တုန်းက ထွက်ခဲ့တဲ့ Microlino EV ဆိုတဲ့ ကားလေးက ချစ်စရာ အကောင်းဆုံး ပုံစံ လေးလို့တောင် သတ်မှတ်လို့ ရပါတယ်။ Pixar ကာတွန်းရုပ်ရှင်ထဲက ကားလေးကို လက်တွေ့မှာ မြင်ရသလိုတောင် ဖြစ်နေတဲ့ အဆိုပါ ကားလေးရဲ့ မျိုးဆက်သစ် Microlino 2.0 ကားလေးကို တော့ အခုနှစ်မှာပဲ စတင်ထုတ်လုပ် နေပါပြီ။ ဒါပေမယ့် ချစ်စရာ ကားအကြောင်းတွေ ပြောမယ်ဆိုရင် Microlino တို့တင်မဟုတ်တော့ပဲ Electric Brands လို့ခေါ်တဲ့ Evetta တို့ကလည်း Microlino လိုမျိုး ချစ်စရာ ကားလေး တစ်မျိုးကို ချပြလာခဲ့ပါပြီ။ ထူးခြားတာ ကတော့ ကားလေးက ချစ်စရာ ကောင်းရုံတင်မကပဲ စွယ်စုံ‌ရနေတာ ဖြစ်ကာအခုလည်း ပီဇာပို့တဲ့ ကားလေးတစ်စီး အဖြစ် ဂျာမနီမှာ ကျင်းပတဲ့ IAA နိုင်ငံတကာ ကားပြပွဲမှာ မြင်တွေ့လာရပါတယ်။ အီတလီက ကားလေးမှန်း သိသာအောင် အီတလီ အလံရဲ့ အနီ ၊ အဖြူနဲ့ အစိမ်းရောင်တို့ စပ်ထားတဲ့ကား ပုံစံလေးက ပိုလို့တောင် ချစ်ဖို့ ကောင်းနေပါတော့တယ်။
Photo Credit: motor 1.com

မူလ ဒီဇိုင်းလေးကိုက ချစ်ဖို့ကောင်းနေတဲ့အပြင် အနောက်ဖက်မှာလည်း Pizza ဗူးပုံစံ လိုဂိုလေးကို အထူးပြုလုပ်ထည့်ပေးထားပါသေးတယ်။ ကြည့်လိုက်ရင် ဘေးဘက်မှာ တံခါးလက်ကိုင်တွေ မတွေ့ရတော့တာက အတော်လေး မျက်စိလည်သွားနိုင်ပြီး တကယ်တော့ Microlino ကားတုန်းကလိုပဲ ကားလေးထဲကို အရှေ့တည့်တည့်ကနေ တံခါးဖွင့်ပြီး ဝင်ရောက်ရမှာဖြစ်ပါတယ်။ အခု ကားလေး ကို အီတလီက ပီဇာပို့တဲ့ ကားလေးဆိုပြီး ဖော်ညွှန်းထားပေမယ့် တကယ်တမ်းကတော့ ဂျာမနီ ထုတ်ဖြစ်ကာ ဂျာမနီရဲ့ Electric Brands ကနေ ထုတ်လုပ် ပေးထားတာပါ။ အဆိုပါ ကား ကုမ္ပဏီကတော့ မနှစ်က မှ XBus လို့ အမည် ရတဲ့ ချစ်စရာ လျှပ်စစ်ထရပ်ကား ခပ်သေးသေးလေးကို ဖန်တီးပေးထားသေးတာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

အခု ပီဇာ ကားလေးရဲ့ စက်ပိုင်းဆိုင်ရာ အချက်အလက်တွေကိုတော့ သေချာမဖော်ပြထားပေမယ့်လည်း မူလကားလေးမှာတုန်းကတော့ 16.2 kWh အထိ ဘက်ထရီပမာဏ ရှိထား ပါတယ်။ ဒါ့အပြင် စွမ်းဆောင်ရည် ကလည်း ၁၄၅ မိုင်လောက် အသာလေး မောင်းလို့ ရတာကြောင့် မြို့တွင်း ပို့ဆောင်သွားလာဖို့ အတွက်ကတော့ တော်တော် လေးကို အဆင်ပြေမှာ သေချာပါတယ်။ Electric Brands ကုမ္ပဏီ အနေနဲ့ အခု Evetta ကားလေးကို လာမယ့် ၂၀၂၃ နွေရာသီ အရောက်မှာ ဈေးကွက်ထဲ စတင်ပို့ဆောင် ပေးမှာဖြစ်ပြီး $ 19,000 လောက်နဲ့ ရနိုင်မယ်လို့ သိရပါတယ်။

Ref: motor 1.com