Tesla ရဲ့ ပြိုင်ဘက်အဖြစ် သတ်မှတ်ခံထားရတဲ့ တရုတ် ကားကုမ္ပဏီ Nio ကတော့ ၂၀၁၇ ကမှစပြီး သတိ ထား မိလာကြပေမယ့် အခု ဆိုရင်တော့ ES 8 Crossover ဆိုတဲ့ ပထမဆုံးသော ကားသစ်ကိုတောင် စတင် ဖြန့်ချီ ‌နိုင်နေပြီ ဖြစ်ပါတယ်။ အဆိုပါ ကားကို စမြင်ထားရကတည်းက နောက်ထပ် ကားအသစ်တွေ ဖြစ်တဲ့ ES 6 နဲ့ EC 6 Crossover ကားသစ် တွေကို မိတ်ဆက်ဖို့ ကြိုးစားလာနေတာ ဖြစ်ပြီး ET 5 နဲ့ ET 7 sedan အမျိုးအစားတွေ ကိုလည်း ချပြဖို့ ရှိလာ နေပါတယ်။ အခုဆိုရင်တော့ အခုနှစ်နှောင်းပိုင်း လောက်မှာကုမ္ပဏီ ရဲ့ Lineup ထဲ ဝင်လာတော့မယ့် ES 8 Crossover ကားသစ်ကိုတောင် မြင်တွေ့လာရပါပြီ။

Photo Credit: MotorAuthority

ပြီးခဲ့တဲ့ ဗုဒ္ဓဟူး နေ့ကမှ ချပြခဲ့တဲ့ အဆိုပါ ကားကတော့ အရွယ်အစား အလယ်အလတ်ရှိတဲ့ Crossover ကားဖြစ်ပြီး အမြင့် ၁၉၃.၄ လက်မ ရှိတာကြောင့် ယခင် ES 8 ထက် ၄ လက်မ လောက်ပဲ ပိုပြီးတိုတာ ဖြစ်ပါ တယ်။ ကားရဲ့ အမိုး ကလည်း အရှေ့ဘက် နည်းနည်း ပိုကွေးထားတဲ့ပုံစံမြင်ရပြီး ES 8 နဲ့ ယှဉ်ရင်တော့ Sports ဆန်တဲ့ အရသာ ပိုပေးနိုင် နေပါတယ်။ ES 7 ကတော့ Nio ရဲ့ နောက်ဆုံးထုတ် လျှပ်စစ်စွမ်းအင်သုံး Platform ပေါ် အခြေခံ ဖန်တီးထားတာဖြစ်ပြီး အနာဂါတ်မှာ မောင်းသူမဲ့စနစ်နဲ့ အဆင်ပြေစေမယ့် စက်ပိုင်း ဆိုင်ရာတွေကိုတောင် သုံးပေးထားတာပါ။ Nio ကတော့ အဆိုပါ ကားက တစ်ချို့သော အခြေအနေတွေမှာ ဆိုရင် လုံးဝကို ကိုယ်တိုင်ထိန်းချုပ်နိုင်တဲ့ အဆင့် ရောက်နေပြီ ဖြစ်ပြီး Software Update တွေနဲ့အတူ ထပ် ထပ်ပြီး အဆင့်မြှင့်တင် ပေးသွားမယ်လို့လည်း ဆိုထား ပါတယ်။ Nio အနေနဲ့ အခု ကားအသစ်ကို လပိုင်း အငှား ပုံစံမျိုးနဲ့ ရရှိနိုင်အောင်လည်း စီစဉ်ပေးမယ်လို့ သိရပါတယ်။ ရရှိနိုင်မယ့် ဘက်ထရီ အရွယ်အစားတွေ ကတော့ 75 ၊  100  နဲ့ 150 kWh တွေကို ရွေးချယ်နိုင်ပြီး Ultralong လို့ အမည် ရတဲ့ အကြီးဆုံး ဘက်ထရီ ကတော့ တရုတ်ရဲ့ စံချိန်အရ ဆိုရင် တစ်ခါအားသွင်း ထားရုံနဲ့ မိုင် ၆၀၀ နီးပါး လောက် အထိ မောင်းနိုင်မှာပါ။ ဒါကြောင့် နိုင်ငံတကာရဲ့ EPA စံနှုန်း အရ ဆိုရင်တော့ တစ်ခါအားသွင်း ၊ မိုင် ၅၀၀ ဝန်းကျင်လောက် အထိ ကို မောင်းလို့ ရနိုင်ပါတယ်။

Photo Credit: MotorAuthority

ES 7 ရဲ့ Standard စက်ပိုင်း ဆိုင်ရာ အနေနဲ့ကတော့ လျှပ်စစ်မော်တာ ၂ လုံး ၊ All Wheel Drive စနစ်တို့နဲ့ ဖြစ်ပြီး 644 hp အထိ စွမ်းဆောင် လာနိုင်ပါတယ်။ ဒါကြောင့်လည်း တစ်နာရီ ၆၂ မိုင် ပမာဏအထိ အရှိန် တင်ဖို့ ဆိုရင်တောင် ၃.၉ စက္ကန့် လောက်ပဲ အချိန်ယူရမှာ ဖြစ်ပါတယ်။ နောက်ကနေ ပစ္စည်းတွေ ဆွဲတင်တဲ့ အပိုင်းမှာ ဆိုရင်လည်း ပေါင် ၄,၄၀၀ လောက်အထိ ရနိုင်ပြီး Brembo ဘရိတ်‌တွေနဲ့ Air Suspension စနစ် တွေကိုပါ စံစနစ် အနေနဲ့ ထည့်ပေးထားပါတယ်။ ES 7 ကားသစ်တွေကိုတော့ အခု  ဩဂုတ်လ နှောင်းပိုင်း လောက်မှာပဲ တရုတ်ဈေးကွက် အတွင်း စတင် ရောင်းချ လာနိုင်ပြီး ဈေးကတော့ အမေရိကန် ဒေါ်လာနဲ့ ဆိုရင် 75 kWh Battery နဲ့ အမျိုးအစားကိုပဲ $ 69,680 လောက် အထိ ရှိနိုင်ပါတယ်။ Nio ရဲ့ Battery Subscription ဝန်ဆောင်မှုကို ရွေးချယ်စရာ အနေနဲ့ပဲ ထားမယ့် သူတွေကတော့ ကား ဈေးကို $ 59,250 လောက်အထိ သက်သာသွားမှာဖြစ်ပြီး တရုတ်ဈေးကွက် ပြင်ပမှာ ရနိုင်မရနိုင်ကိုတော့ သတင်း မကြားရ သေးတာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority