အမေရိကန်ရဲ့ နိုင်ငံအဆင့် အဝေးပြေးလမ်းမများ လုံခြုံရေးအဖွဲ့အစည်း NHTSA က ချမှတ်လိုက်တဲ့ အသေးစား ကား ထုတ်လုပ်ရေး လုပ်ငန်း ဥပဒေအသစ်ကြောင့် အခုဆိုရင်တော့ ဝါသနာအရ ပုံစံတူကားတွေ ထုတ်လုပ်ရောင်းချတာမျိုးကို အမေရိကမှာ တရားဝင်ပြုလုပ်ဖို့ လွယ်ကူသွားပြီပဲ ဖြစ်ပါတယ်။ တကယ် တော့ အခု လုပ်ငန်းစဉ် တရားဝင်ဖြစ်လာဖို့အတွက် ၂၀၁၅ လောက်ကတည်းက စတင် ကြိုးစားနေခဲ့ကြတာ ဖြစ်ပြီး အမေရိကန် သမ္မတဟောင်း ဘားရတ်အိုဘားမား ကနေစတင်ကာ Fixing America’s Surface Transportation (FAST) ဆိုတဲ့ ဥပဒေကို လက်မှတ် ရေးထိုးပေးခဲ့ပါတယ်။ ဒါပေမယ့် အခု အသစ်ပြဌာန်း ခဲ့တဲ့ ဥပဒေ ဖြစ်လာဖို့ အတွက် NHTSA ရဲ့ စစ်ဆေး အတည်ပြုချက်တွေ လိုအပ်ခဲ့တာကြောင့် အချိန်ယူ ခဲ့ရတာပါ။

Photo Credit: MotorAuthority

အခု ဥပဒေထဲမှာပဲ ဝါသနာအရ ပုံစံတူ ကားတွေကို အရေအတွက် အနည်းငယ် ထုတ်လုပ်ရောင်းချသူတွေ အတွက် သပ်သပ် နည်းဥပဒေတွေ သတ်မှတ်ပေးထားပါ‌တယ်။ ဒါကြောင့် အခု ဥပဒေအရ ဆိုရင် ပုံစံတူ ကားထုတ်လုပ်တဲ့ သူ‌တွေအနေနဲ့ ကားကိုယ်ထည်တွေကို Kit အနေနဲ့ ထုတ်လုပ်ရောင်းချ နိုင်ပြီး အင်ဂျင်ပါ ပါမယ် ဆိုရင်တော့ သီးသန့်ရောင်းပေးရမှာပါ။ ဝယ်ချင်တဲ့ သူတွေအဖို့ကလည်း ကိုယ်တိုင် တပ်ဆင်ချင်သေး တယ်ဆိုရင် အစိတ်အပိုင်းတွေကို စိတ်ကြိုက် ဝယ်ယူခွင့် ရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုဆိုရင် ပိုကောင်း သွားတာက ထုတ်လုပ်တဲ့ သူဆီကနေ ကိုယ်လိုချင်တဲ့ အစိတ်အပိုင်းတွေအလိုက် တိုက်ရိုက် ဝယ်ခွင့်ရှိသွား တာပါ။ အခု ဥပဒေ အသစ်အရတော့ အဆိုပါ ပုံတူ ကားထုတ်လုပ်မယ့် သူတွေက တစ်နှစ် အတွင်းအများဆုံး ကားအစီးရေ ၃၂၅ စီး အထိ ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ပုံတူမှီငြမ်းမယ့် မူလကားကတော့ အနည်းဆုံး လွန်ခဲ့တဲ့ ၂၅ နှစ် လောက် ကတည်းက စက်ရုံထုတ် ကားဖြစ်ဖို့ လိုအပ်ပြီး လက်ရှိ ကားမော်ဒယ် တွေရဲ့ ကာဗွန် ထုတ်လုပ်မှုပိုင်းဆိုင်ရာ စံချိန်စံညွှန်းတွေနဲ့ကိုက်ညီဖို့လည်း လိုအပ်နေသေးတာ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

၂၀၁၉ ခုနှစ်တုန်း ကတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အေဂျင်စီ EPA ဆီက နေ ကားတစ်စီး အတွက် EPA စံချိန်စံညွှန်းနဲ့ အညီ ဖြစ်ရမယ့် အင်ဂျင်တပ်ဆင်မှုတွေကို လမ်းညွှန်ချက် ပေးထားခဲ့ပြီး ဖြစ်ပါ တယ်။ ဒါ့အပြင် အမေရိကန်မှာ ဆိုရင်လည်း ကယ်လီဖိုးနီးယား Air Resources Board (CARB) ကပါ ကာဗွန်ထုတ်လုပ်မှု လျှော့ချ နိုင်မယ့် Powertrain တွေ ဘယ်လို အသုံးပြုတပ်ဆင်ရမယ် ဆိုတာကို ထပ်မံ လမ်းညွှန် ပေးထားပါသေးတယ်။ အခု ဥပဒေ အသစ်ကို အကောင်းဆုံး ထောက်ခံ လှုံ့ဆော်ပေးခဲ့ကြသူတွေ ထဲမှာ Aftermarket Tuning ကားအဖွဲ့တွေ က အဓိက ကျခဲ့ပါတယ်။ ဒါကြောင့် ပုံစံတူ ကားထုတ်လုပ် ချင်သူတွေအနေနဲ့ အခုကစပြီး NHTSA ၊ EPA နဲ့ CARB တို့ထံ မှတ်ပုံတင် ရတော့မှာ ဖြစ်ကာ လုပ်ငန်းစဉ် ကတော့ လပိုင်းလောက်အထိ ကြာမြင့်သွားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အခုလို ကားတွေကို အခု ဥပဒေ အသစ် အောက်မှာ စတင် ထုတ်လုပ်ပြီ ဆိုတာနဲ့ နှစ်စဉ် အစီရင်ခံစာတွေ ကိုလည်း လက်ရှိကား ကုမ္ပဏီ တွေ လိုပဲ သက်ဆိုင်ရာ အဖွဲ့အစည်းတွေထံကို တင်ပြရတော့မှာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority