လက်ရှိ ကျင်းပနေတဲ့ 2023 CES နည်းပညာပြပွဲကြီးမှာတော့ ကိုရီးယား ကုမ္ပဏီ  Hyundai ရဲ့ ကားအပိုပစ္စည်းတွေပဲ ထုတ်တဲ့ Brand အခွဲ Hyundai Mobis ကနေ ဆန်းဆန်း ပြားပြားနည်းပညာ တစ်ရပ်ကို ပြသလိုက်ပါတယ်။ အဲ့ဒါ ကတော့ ၉၀ ဒီဂရီ အထိလှည့်လို့ရတဲ့ ဘီးပုံစံအဆန်းတွေဖြစ်ကာ Hyundai Ioniq 5 ကားတစ်စီးကို Prototype အနေနဲ့ အစမ်းတပ်ဆင် ပြထားတာပါ။ e-Corner လို့ အမည်ပေးထား တဲ့ အဆိုပါ စနစ်နဲ့ ကားမှာတော့ ဘီး Module အသစ် တွေကို လျှပ်စစ်မော်တာ၊ လျှပ်စစ် Damper ၊ Brake By Wire ၊ Steer By Wire စနစ်တွေနဲ့ တစ်ပါတည်း တွဲဖက် ချိတ်ဆက်ထားတာဖြစ်ပြီး နေရာအများ ကြီး မယူပဲ ကားကြီးတွေအထိပါ သုံးနိုင်မယ့် ဘီးပုံစံသစ် ဖြစ်ပါတယ်။ တကယ် တော့ အဆိုပါ Concept ကို ၂၀၁၈ လောက်ကတည်းက စတင်ချပြဖူးတာဖြစ်ပေမယ့် အခုလို ဘီး ၄ ဘီး စလုံးအတွက် ကားတစ်စီး မှာ တပ်ဆင်ပြသလာ နိုင်တာကတော့ Ioniq 5 မှသာ ဖြစ်တာကြောင့် တကယ်အထင်ကြီးစရာပါပဲ။

အဆိုပါ စနစ်အတွက် Video ထဲမှာ ဆိုရင်တော့ ကားရဲ့ ဘီးတွေဟာ တူညီတဲ့ အရပ်မျက်နှာ ဘက်ကို ၉၀ ဒီဂရီ အထိ တစ်ပြိုင်တည်း လှည့်လိုက်နိုင်တာကြောင့် လမ်းဘေးကပ်ထိုးရတဲ့ ကားနှစ်စီးကြား Parallel Parking ကို အလွယ် တကူပဲ ထိုးသွားနိုင်တာ တွေ့ရမှာပါ။ ဒီ အတွက်တင် မဟုတ်သေးပဲ e-Corner စနစ် တစ်ခုလုံးကတော့ ပိုပြီး စိတ်ကူး ယဉ်ဆန်ဆန် အရာတွေကိုပါ လုပ်ဆောင် ပေးနိုင်ပါသေးတယ်။ အဆိုပါ အချက်တွေထဲက တစ်ခုကတော့ အခုဘီး တပ်ဆင်ထားတဲ့ Ioniq 5 ကားကို ၄၅ ဒီဂရီ လောက်အထိ ရုတ်တရက် လှည့်ကာ ၃၆၀ ဒီဂရီပြည့်အောင် ကားကို လည်ပေးနိုင်တာဖြစ်ပြီး အလျှင်မြန်ဆုံးသော Zero Turn အကွေ့ကိုတောင် မောင်းပြလိုက်နိုင်တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ စနစ်ကတော့ GMC Hummer EV မှာပါတဲ့ Pivot Function လိုပဲ အနောက်ဘီးကို ၉၀ ဒီဂရီ အထိ ချိုးပြီး ကားကိုထောင့်ဖြတ် လည်း မောင်းပြလိုက် နိုင်ပါသေးတယ်။

Photo Credit: InsideEvs

Hyundai Mobis ဘက်ကတော့ အခု စနစ်သစ်ရဲ့ အသေးစိတ် အချက်အလက်တွေကို ဘာမှ ချမပြထားသေးပေမယ့် သေချာတာတစ်ခု ကတော့ လျှပ်စစ်ကားသစ်တွေနဲ့ အနာဂတ် ယာဉ်မောင်းတွေအတွက် မပင်မပန်းပဲ ပိုမိုလွယ်‌ကူတဲ့ ယာဉ်မောင်းနှင်မှု ပုံစံတွေ ရအောင် ယူဆောင်လာပေးနိုင်မယ့် စနစ်တစ်ခု ဖြစ်နေတာပါပဲ။ ဒါ့အပြင် အခုစနစ် ကတော့ ၁၉၂၇ လောက် ကတည်းက Front-Wheel Drive ကားတစ်မျိုး မှာ မြင်ခဲ့ရဖူးတဲ့ စိတ်ကူးယဉ်ဆန်ဆန် ဘီးဒီဇိုင်းမျိုးကို ခေတ်ပေါ် နည်းပညာအဖြစ် တစ်ကျော့ပြန်ပုံဖော်ထားတာမျိုးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ၁၉၃၀ ခုနှစ် တွေလောက်တုန်းကလည်း The Park Car ဆိုတဲ့ နာမည်နဲ့ အလားတူ နည်းပညာတစ်ရပ် ဖန်တီးခဲ့ကြသေးကာ ပါကင်ထိုးရာမှာ ကားကို ပိုပြီးနှိမ့်ပေးနိုင်မယ့် ၅ ခု မြောက် ဘီးကိုလည်း ထည့်သွင်းစမ်းသပ်ကြည့်ခဲ့ကြသေးတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် အခု နည်းပညာ ကတော့ နေ့စဉ်ဘဝမှာ အဆန်းဆုံးနဲ့ အပြည့်စုံဆုံး ဖြစ်လာတော့မလား ဆိုတာ စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။

Ref: InsideEVs