Donkervoort ကား ကုမ္ပဏီ ဆိုတာကတော့ ၁၉၇၈ ခုနှစ် ကတည်းက စတင်ခဲ့တဲ့ ကုမ္ပဏီဖြစ်ပြီး အခုမှသာ နာမည် ကျော် အမေရိက ကားဈေးကွက်ထဲ ကား တွေ စတင်သွင်းနိုင်ခဲ့ပါတယ်။ အဆိုပါ နယ်သာလန် ကားကုမ္ပဏီ ကတော့ အမေရိကကို ကားတွေသွင်းဖို့ အတွက် Bespoke Imports Group နဲ့ ပူးပေါင်းနိုင်ခဲ့ တာဖြစ်ပြီး ပထမဆုံး အနေနဲ့တော့ D8 GTO Individual Series ကို စတင်ရောင်းချ တော့မှာပါ။ အဆိုပါ ကားဈေးကတော့ ၂၄၀,၀၀၀ ဒေါ်လာ လောက် ကနေ စတင်လာခဲ့ပြီး အမေရိကန် နိုင်ငံ ၊ ‌ဖလော်ရီဒါ က Naples မှာရှိတဲ့ Naples Motorsports မှာ စတင် ရရှိနိုင်မှာပါ။ လက်ရှိမှာတော့ ကော်လိုရာဒိုနဲ့ ကယ်လီဖိုးနီးယား ပြည်နယ်တွေမှာ နောက်ထပ် ကားနမူနာ ၂ စီး ရထားပြီး မကြာခင်မှာ တရားဝင် ကြေညာမိတ်တက်မယ်လို့လည်း သိရပါတယ်။

Photo Credit: MotorAuthority

အဆိုပါ DB GTO ဆိုတဲ့ ကားသစ်ကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာ လ ကမှ မိတ်ဆက်ထားခဲ့တာ ဖြစ်ပြီး D8 GTO Line ပြိုင်ကားရဲ့ လမ်းမပေါ်သွား ကားတစ်စီး လည်း ဖြစ်ပါတယ်။ အဆိုပါ ကားမှာတော့ Audi ရဲ့ Turbocharged 2.5 Liter Inline-5 Engine ကိုတပ်ဆင်ထားပြီး 400 hp ကျော်အထိ စွမ်းဆောင်နိုင်မှာ ပါ။ ကားရဲ့ စွမ်းဆောင်ရည် ရလဒ် ကတော့ တစ်နာရီ ၆၂ မိုင် အထိအရှိန်တင်မောင်းနှင်ဖို့ အချိန် ၂.၇ စက္ကန့် အတွင်းမှာတင် ရနိုင်မှာဖြစ်ကာ အခု ရဲ့ ၂ ဆ အရှိန် တင်မယ် ဆိုရင်တော့ ၇.၇ စက္ကန့်အတွင်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဒီကားက ဒီဇိုင်းလည်းဆန်းသလို အကွေ့တွေမှာလည်း အတော်ကို ထိန်းရသိမ်းရကောင်းတဲ့ Cornering Ability တွေကို ရထားပြန်တာပါ။ အခု အမေရိက ဈေးကွက်ထဲကို ဝင်လာတယ် ဆိုပေမယ့်လည်း ကားရဲ့ ဈေးကွက် လိုအင်တွေကတော့ ဥရောပရဲ့ နောက် ဒုတိယ နေရာမှာပဲ ရှိနေတယ်လို့ ကုမ္ပဏီတည်ထောင်သူ Joop Donkervoort ရဲ့ သားဖြစ်သူ လက်ရှိ မန်နေဂျင်း ဒါရိုက်တာ Denis Donkervoort က ပြောကြားခဲ့ပါတယ်။

Photo Credit: MotorAuthority

ဒါပေမယ့် အမေရိကမှာလည်း သူတို့ရဲ့ ကားတွေကို အတော်လေး စောင့်မျှော်နေကြတဲ့ စူပါကား ကြိုက်နှစ်သက် သူတွေ အတော်လေးများတာကြောင့် ဒီကား သစ်ကိုဝယ်ဖို့ မစောင့်နိုင်ကြတော့ဘူးလို့လည်း Denis က ဆိုထား ပါသေးတယ်။ ဒါပေမယ့် အဆိုပါ Donkervoort ကားသစ်တွေကို တော့ အမေရိကရဲ့ လမ်းမ ထက်တိုင်း လွယ်လွယ် ကူကူမြင်ရဖို့ မဖြစ်နိုင် သေးပါဘူး။ အကြောင်းကတော့ ကုမ္ပဏီက အဆိုပါ ကားသစ် အစီးရေ ပေါင်းကို ၁,၅၀၀ စီးလောက်ပဲ သီးသန့် ထုတ်ထားတာဖြစ်ကာ ရှေ့ဆက်လည်း ချဲ့ထွင်ဖို့ အစီအစဉ်တွေ မရှိသေးတာကြောင့်ပါပဲ။ Denis Donkervoort ကတော့ သူတို့အနေနဲ့ လုပ်ငန်းအသေးလေး အနေနဲ့ စတင်ဝင်ရောက်လာပေမယ့် အမေရိက ဈေးကွက် အတွက်ကိုတော့ တကယ့်ကြီးကြီးမားမား အစီအစဉ်တွေ ရှိထားပြီး စူပါကား ဈေးနှုန်းနဲ့ Hypercar နည်းပညာအရသာ ကို ရအောင် လုပ်ပေးနိုင်တာမျိုးက ဒီဈေးကွက်မှာ ကောင်းကောင်း ဆွဲဆောင်နိုင်လိုက်မယ်လို့ ယုံကြည်နေတာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority