၂၀၁၇ ခုနှစ် ကတည်းက စတင် ထုတ်လုပ်ခဲ့တဲ့ Dodge Viper ဆိုတဲ့ ကားအမျိုးအစားကတော့ ထုတ်လုပ်သူ ကုမ္ပဏီ အတွက် တကယ့် အမှတ်တရဖြစ်ပြီး နှစ်တွေကြာတဲ့ အထိကိုအနည်းငယ် ရောင်းချနေရဆဲ ဖြစ်လို့နေပါတယ်။ V10 Engine ကြီးကြောင့်ပဲဖြစ်ဖြစ် ဒီဇိုင်းလှလို့ပဲဖြစ်ဖြစ် လူကြိုက်များတဲ့ အခုကားကို နောက်ဆုံးဝယ်ယူခဲ့တဲ့ မှတ်တမ်း ကတော့ အခုနှစ်ရဲ့ ဒုတိယ ၃ လ ပတ်ထဲမှာတင် ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ ကားကိုပဲ ဈေးကွက်ထဲမှာ လုံးဝ မတူကွဲပြားတဲ့ ပုံစံတစ်မျိုးနဲ့ လိုချင်သေးတယ် ဆိုရင်တော့ Facebook Marketplace မှာ တင်ရောင်းထားပြီး $ 160,000 ဈေးခေါ်ထားတဲ့ ကားတစ်စီးကို တွေ့ရပါလိမ့်မယ်။ ဒီ ဈေးက Dodge Viper အတွက်ဆိုရင် များတယ်လို့ ထင်ကောင်း ထင်နိုင်ပေမယ့် သေချာတာကတော့ လုံးဝကို ပုံစံကွဲနေတဲ့ ၂၅ ပေ အရှည်ရှိ ကားကြီးဖြစ်နေတာကိုတော့ သတိပြုရပါလိမ့်မယ်။

Photo Credit: motor 1.com

အခုလို ပုံမှန်ထက် ပိုရှည်တဲ့ ကားကြီး ရောင်းချသူကတော့ အမေရိကန်နိုင်ငံ Missouri ပြည်နယ်က Kerry Prater Stochl ဆိုသူပါပဲ။ တကယ်တော့ ဒီကားကို မြင်ရတာအခု ပထမဆုံးအကြိမ် မဟုတ်တော့ပဲ မနှစ် တုန်းကလည်း eBay မှာ ဒေါ်လာ ၁၃၅,၀၀၀ ဈေးနဲ့ ရောင်းချထားတာ တွေ့ခဲ့ရပါသေးတယ်။ ဒါပေမယ့်လည်း ဝယ်ယူသူမရှိခဲ့ပုံရပြီး အခု တစ်ခေါက်မှာကတော့ ဈေးနှုန်းအမြင့်ခေါ်ဈေးနဲ့ တစ်ခေါက် ပြန်ပေါ်လာခဲ့တာ ပါ။ အခုလို Viper ကိုမှ ကားရှည်ကြီး အဖြစ် ပုံပြောင်းထားတဲ့ အတွက် ထိုင်စရာ အတော်များများ ဆံ့လာတာ အဓိကဖြစ်ပြီး ၁၂ ‌ယောက်အထိ စီးနိုင်ကာ ထိုင်ခုံ ခါးပတ်ကတော့ ၁၀ ယောက် အတွက်ပဲ ပါဝင်လာ ပါတယ်။ အမိုးလည်း မပါပဲ အမိုးဖွင့် ဒီဇိုင်းဖြစ်သွားကာ အတွင်းခန်းကလည်း အကုန် အနက်ရောင် ပြောင်းထားပါတယ်။ ကားရဲ့ အရှေ့ထိုင်ခုံ နောက်မှာ ပါလာတဲ့ မူလ Roll Cage တွေကိုလည်း အနောက်ဘက် မှာပါ မြင်တွေ့ရဦးမှာပါ။

Photo Credit: motor 1.com

ဒါပေမယ့် အခု ကားအတွက် စံဖြစ်ခဲ့တဲ့  V 10 Engine အစား 390 hp စွမ်းဆောင်ရည်ရှိ Mopar 360 Magnum Crate ဆိုတဲ့ အင်ဂျင်ကို အစားထိုးကာ Automatic Transmission ဂီယာနဲ့ တွဲဖက်ပေးထားလိုက် တာလည်း တွေ့ရပါတယ်။ အခု ကားရဲ့ အင်ဂျင်ပိုင်း ပြောင်းထားပြီး မောင်းရတာ အတော်လေး ကောင်းတယ်ဆိုတဲ့ မှတ်ချက်ကလွဲလို့ အခြား သော စက်ပိုင်းဆိုင်ရာ အသေးစိတ် အချက်အလက်တွေကိုတော့ မဖော် ပြထားပါဘူး။ ဒါဆိုရင်တော့ အခုလိုမျိုး ကားအရှည်ကြီး Viper ကို ဝယ်ယူပြီး ဘယ်လို အသုံးချရနိုင်မလဲ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ရောင်းချထားတဲ့ ပိုင်ရှင်ကတော့ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းတွေ အတွက် ကြော်ငြာလို့ရတယ်လို့ ဆိုထားတဲ့အပြင် တကယ် တမ်းလက်တွေ့မှာလည်း လမ်းပေါ် မောင်းသွားတာနဲ့တင် တော်တော်လူကြည့်များမှာတော့ သေချာပါတယ်။

Ref: motor 1.com