Dodge ရဲ့ နာမည်ကျော် ကားတွေအကြား နောက်ဆုံးပေါ် အထူးထုတ် Limited Edition ကားတစ်စီး ကတော့ တရားဝင် ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ အဆိုပါ ကားကတော့ Dodge Challenger Black Ghost ဆိုတဲ့ အနက်ရောင် ကားတစ်စီး ဖြစ်ပြီး အစီးရေကလည်း ၃၀၀ အထိပဲ ထုတ်‌လုပ်ပေးနိုင်မှာပါ။ Challenger SRT Hellcat ကားပေါ်မှာ အခြေခံ ဖန်တီးထားတဲ့ အဆိုပါ ကားသစ်ကတော့ စွမ်းဆောင်ရည်ပိုင်းမှာပါ 807 hp အထိ တိုးတက်လာ ခဲ့ပါတယ်။ သာမန် Muscle Car တစ်စီး ဆိုတာထက် ပိုလာတဲ့ အဆိုပါ ကားသစ်ကတော့ ကုမ္ပဏီရဲ့ ပြိုင်ကားသမိုင်းကြောင်းကို ပါ ရည်ရွယ်ဂုဏ်ပြုပေးထားတာ တွေ့ရပါတယ်။ ကားရဲ့ ဒီဇိုင်းမှာတော့ Godfrey Quails ရဲ့ တကယ့်ဂန္ဓဝင် 1970 Dodge Challenger RT SE ကားပုံစံ အငွေ့အသက်တွေကို ပြန်လည် ယူဆောင်ပေးထားပြီး အဆိုပါကားရဲ့ ပုံတူ လေးကိုတောင် အမှတ်တရ ထည့်ပေးထား ပါသေးတယ်။ အဆိုပါ ကားတုန်းကလည်း 426 Hemi V8 Engine ကို သုံးခဲ့တာဖြစ်ပြီး သူ့ခေတ်သူ့အခါနဲ့ ကြမ်းလွန်းတဲ့ စွမ်းဆောင်ရည်က အတော်လေး နာမည်ရခဲ့ဖူးတာပါ။

Photo Credit: AllAutoExperts

အဆိုပါခေတ်က ကားအနက်ရောင် တစ်စီးအနေနဲ့  လမ်း‌မထက်က ကားပြိုင်ပွဲတွေ အကြားမှာ ပြိုင်ဘက်တွေကို အနိုင်ယူပြီး ညမှောင်မှောင်ကြား ပျောက်ခြင်းမလှ ပျောက်သွားအောင် မောင်းနိုင်တဲ့ ကားဖြစ်တာ ကြောင့်လည်း အခု အထူးထုတ်ကားရဲ့ နာမည်ဖြစ်တဲ့ Black Ghost ဆိုတာ ဖြစ်လာရတာပါ။ ကားရဲ့ ဂန္ဓဝင်ဆန်မှုကြီးကြောင့်လည်း ပြီးခဲ့တဲ့ ၂၀၂၀ တုန်းက နိုင်ငံရဲ့ သမိုင်းဝင်ကားတွေထဲက တစ်စီးအဖြစ် တရားဝင် သတ်မှတ်ခံခဲ့ရပါတယ်။ လက်ရှိ အဆိုပါ မူလကားကိုလည်း Quails မိသားစုက ပိုင်ဆိုင်ထားဆဲ ဖြစ်ပါတယ်။ Dodge Brand ရဲ့ ခေါင်းဆောင် ဖြစ်သူ Tim Kuniskis ကတော့ Dodge Brand တွေထဲမှာ အတော် လေးကို များပြားတဲ့ အမှတ်တရ Muscle Car တွေ အများကြီး ရှိတာကြောင့် ရွေးရခက်နေပေမယ့်လည်း တကယ့်ကို ရှားပါးအထူးထုတ်အနေနဲ့ ပြန်လည် ဂုဏ်ပြုချင်တာ မျိုးဆိုရင်တော့ Black Ghost က ‌‌အရွေး သင့်ဆုံးပဲလို့ ဆိုခဲ့ပါတယ်။

Photo Credit: AllAutoExperts

အခုလိုမျိုးသမိုင်းကြောင်း ကောင်းကောင်း ကားတစ်စီးကို ဂုဏ်ပြုနိုင်ဖို့အတွက် 2023 Dodge Challenger Black Ghost ကို ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပြီး အမိုးကလည်း မူလကားရဲ့ Gator Skin Vinyl အမိုးသားနဲ့ လိုက်ဖက်မယ့် Gator Skin အမိုး စတေကာကို ကပ်ပေးထားလိုက်ပါတယ်။ အခြားသော သမိုင်းကြောင်း ဆိုင်ရာအရ အမှတ်တရ ဖြစ်နေတဲ့ အသေးစိတ် အချက်အလက်တွေ အဖြစ်တော့ အဖြူရောင် Fender Graphics ၊ Challenger Grille ပေါ်က စာသားတွေ နဲ့ Spoiler တံဆိပ်တွေ ပါဝင်လာတာပဲ ဖြစ်ပါတယ်။ အဆိုပါ အထူးထုတ်ကားကတော့ ၇ မျိုး ထုတ်လုပ်ပေးမယ့် Last Call Special Edition Dodge ကားသစ် တွေထဲက ၆ မျိုးမြောက် ကားလည်း ဖြစ်ပါတယ်။ ဒါကြောင့် ယခင် ထုတ်လုပ် ခဲ့ဖူးတဲ့ Dodge Challenger Shakedown ၊ Charger Super Bee ၊ Challenger နဲ့ Charger Scat Pack Swinger တို့ အပြင် Dodge Charger King Daytona တို့နဲ့ အတူတူ အခုကားလည်း မှတ်တမ်းဝင်တော့မှာပါ။ အဆိုပါ ကား ၇ စီး ထဲက နောက်ဆုံးသော Special Edition အသစ်ကိုတော့ အခုလာမယ့် နိုဝင်ဘာ ၁ ရက်ကနေ ၄ ရက် အထိ ကျင်းပမယ့် 2022 SEMA show ပွဲကြီးမှာတောင် မပြသဖြစ်လောက်သေးဘူးလို့ သိရတာကြောင့် နည်းနည်းထပ်စောင့် ရနိုင်သေးတာပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts