ပြီးခဲ့တဲ့ ဖေ‌ဖော်ဝါရီ လတုန်းက Fisker ဟာ သူတို့ရဲ့ Ocean SUV လိုမျိုး ဈေးကွက်ယူနိုင်မယ့် နောက်ထပ် ဈေးသက်သာ လျှပ်စစ်ကား တစ်စီးကို ထုတ်လုပ် ပေးမယ်လို့ ကြေညာခဲ့ဖူးပါတယ်။ ဈေးနှုန်းကိုပါ $ 29,900 လောက် ကနေ စတင်လာမယ်လို့ တစ်ပါတည်း ပြောထား ခဲ့ပြီး Nissan Leaf နဲ့ အဓိက ယှဉ်ပြိုင်ရလာနိုင်ကာ ကျစ်ကျစ် လစ်လစ် ရှိမယ့် ကားကိုယ်ထည်ကိုမှ ၅ ယောက် စီးလောက် ဖြစ်လာနိုင် မယ်လို့လည်း သိခဲ့ရတာ ဖြစ်ပါတယ်။ အခုဆိုရင်တော့  ကုမ္ပဏီတည်ထောင်သူ Henrik Fisker ကိုယ်တိုင် ချပြခဲ့တဲ့ Teaser ပုံရိပ် တစ်ချို့ ကို စမြင်ရတဲ့ အဆင့် အထိ ရောက်လာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အကြမ်းဖျဉ်းကြည့်ရမယ် ဆိုရင်တော့ အဆိုပါ Pear ကားလေးမှာ အနီရောင် ခပ်တောက်တောက်နဲ့ စိတ်ဝင်စားစရာ ဆွဲဆောင်မှုရှိတဲ့ အရောင်လေး သုံးပေးလာနိုင်တာ တွေ့ရပြီး အရှေ့ဘက် Fascia ကတော့ သူ့ထက် ပိုကြီးတဲ့ Ocean နဲ့ အတူတူ ဖြစ်လာဖို့ များနေပါတယ်။ ခပ်ပါးပါး ရှိနေတဲ့ Headlight တွေ ကလည်း အတော်လေး ကြည့်လို့ ကောင်းနေပြီး ဘန်ဘာပိုင်းကတော့ သိမ်သိမ်မွေ့မွေ့လေး ဆင်းသွားတဲ့ ဒီဇိုင်းမျိုးကို ပိုမြင် နေရပါတယ်။ ဒါကြောင့် အခု ကားသစ်ကတော့ ယခင် မြင်ဖူး ခဲ့တဲ့ ကားတွေထက်စာရင် အရမ်းကြီး Aggressive ဖြစ်တဲ့ ပုံမမြင်ရသေးတာ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

ကားရဲ့ တစ်စိတ် တစ်ပိုင်းပုံတွေကို သေချာ အနီးကပ် လေ့လာကြည့်မယ် ဆိုရင်တော့ Traditional Hatchback ပုံစံ ပိုဆန်တာ တွေ့ရပြီး တကယ်တမ်း ထွက်လာတဲ့ အခါ Crossover ပုံ ဖြစ်နေမယ် ဆိုရင်လည်း သိပ်တော့ အံ့အား သင့်စရာ မဖြစ်နိုင် လောက်ပါဘူး။ ဒါပေမယ့် အခု  နောက်ဆုံး မြင်ရတဲ့ ပုံမှာဆိုရင်တော့ အခုလ အစောပိုင်း လောက် တုန်းက Fisker ရဲ့ တွစ်တာမှာ မြင်ခဲ့ရတဲ့ ပုံနဲ့ နည်းနည်း ကွဲပြား လာတာတွေ့ရပြီး အခုပုံကတော့ လက်တွေ့ ထုတ်လုပ် ခါနီးအသွင် ပိုဖြစ်လာနိုင်ပါတယ်။ Instagram မှာ အခုမြင်ရတဲ့ Teaser ပုံရိပ်အရ ဆိုရင်တော့ ကားသစ်ကို ခန့်မှန်းထားချိန်ထက် ပိုစောပြီး မြင်ရနိုင်တယ်လို့ ဆိုထားပြီး ဈေးသိပ်မကြီးပဲ ဈေးသက်သာမယ့် လျှပ်စစ် ကား တစ်စီး ကို ဖန်တီးနေတယ်လို့လည်း Fisker က ဆိုထားပါတယ်။ ဒါ့အပြင် သူတို့အနေနဲ့ ကားရဲ့ အစိတ်အပိုင်းတွေကိုလည်း မလိုအပ်တာ တွေမသုံးပဲ အရိုးရှင်းဆုံးဖြစ်အောင် လျှော့ချထားပြီး နည်းပညာနဲ့ ခေတ်သစ် လုပ်ဆောင်ချက်တွေ ကိုပိုပြီး အစားထိုးလာ နိုင်ပါတယ်။ ဒါ့အပြင် မူလ အစတုန်းက ကားသစ် မြင်ရမယ့် ကာလကို ၂၀၂၄ လို့ သိထားတာဖြစ်ပြီး အခုဆိုရင်တော့ ဒီထက်ပို စောလာနိုင်မယ့် အရိပ် အယောင်တွေ မြင်နေရပါတယ်။

Photo Credit: CARBUZZ

အခု ကားရဲ့ အရှေ့က ထွက်လာမယ့် Ocean ကို ဆိုရင်လည်း အခုနှစ် နှောင်းပိုင်းမှာတင် စတင် ထုတ်လုပ်တော့မှာ ဖြစ်လို့ အခု ကားလေး Pear လည်း မရှေးမနှောင်းမှာ မြင်လာရနိုင်နေပါပြီ။ ကုမ္ပဏီ အနေနဲ့တော့ သူတို့ရဲ့ ကားထုတ်လုပ်ရေးတွေကို Lordstown Endurance နဲ့ ပူးပေါင်းကာ ယခင် General Motors ပိုင် အိုဟိုင်းရိုး ပြည်နယ် ထဲက စက်ရုံမှာပဲ ထုတ်လုပ်သွားမှာပဲ ဖြစ်ပါတယ်။ Ocean SUV ကတော့ စွမ်းဆောင်ရည် အားဖြင့် 542 hp အထိကို ရှိထားတာ ကြောင့် SUV ဈေးကွက်ထဲမှာမှအမြင့်ပိုင်း ကားတွေနဲ့ ယှဉ်လာနိုင်ကာ ဈေးကလည်း မြင့်မားနေမှာ သေချာ ပါတယ်။ လက်ရှိ ခန့်မှန်းရသလောက်ကတော့ အဆိုပါ Ocean ကားသစ်ရဲ့ ခပ်မြင့်မြင့် Range ကိုဆိုရင် $ 69,000 လောက် ဈေးသတ်မှတ်ထားနိုင်ပြီး Range အရ တော့ $ 37,499 လောက်ကနေ လည်း စတင်လာနိုင်ပါတယ်။ အဆိုပါ ကားရဲ့ အောက်မှာ တော့ တကယ်ကို ဈေးသက်သာမယ့် $ 29,900 ဝန်းကျင် Pear ကားသစ်လေး ရှိလာမှာ ဖြစ်ကာ အသေးဆုံး ဖြစ်လာမယ့် အဆိုပါ Fisker ကားလေးကိုပဲ အနိမ့်ဆုံးအနေနဲ့ $ 22,400 လောက် အထိကို ရလာ နိုင်ပါသေးတယ်။ အဆိုပါ ဈေးနှုန်း တွေထက် အဓိကပြိုင်ဘက် ဖြစ်လာနိုင်တဲ့ Nissan Leaf ထက်ကို အနည်းငယ် များ သေးတယ်  ဆိုပေမယ့် စိတ်လှုပ်ရှားစရာ ကောင်းမယ့် ဈေးသက်သာ လျှပ်စစ် ကားတစ်စီး ဖြစ်လာမှာကတော့ သေချာ နေကာ နည်းပညာလည်း ပိုမြင့်လာနိုင်ပါတယ်။ Fisker ရဲ့ ကားအသစ် Range တွေကလည်း အခု လာမယ့် နှစ်အပိုင်း အခြားတွေမှာ ပိုကောင်းအောင် ထုတ်လုပ်ပေးလာ နိုင်နေပြီး Sports ကားအသစ်နဲ့ ဇိမ်ခံ Sedan တို့ပါ ရှိလာနိုင် သေး တာကြောင့် စိတ်ဝင်တစား စောင့်ကြည့်ကြရတော့မှာပဲ ဖြစ်ပါတယ်။

Ref: carbuzz.com