နာမည်ရှိခဲ့တဲ့ DeLorean ကား ကုမ္ပဏီကတော့ Italdesign တို့ရဲ့ အကူအညီနဲ့ ‌ဈေးကွက်ထဲ ပြန်ရောက် လာခဲ့မယ်လို့ ပြီးခဲ့တဲ့ တစ်နှစ်လောက်ကတည်းက ကြေညာခဲ့ပါတယ်။ အခု ဆိုရင်တော့ ကတိအတိုင်းပဲ ကုမ္ပဏီရဲ့ တစ်ကျော့ပြန်လာမှုကို စမြင်ရပြီ ဖြစ်ကာ ပထမဆုံးတွေ့ ရမယ့် ကားအသစ်ကတော့ Teaser Video အတိုလေး အရ ဆိုရင် လျှပ်စစ် ကားတစ်စီး ဖြစ်ဖို့ ရှိပါတယ်။ အခု မြင်ရသလောက်ဆိုရင်တော့ DeLorean ရဲ့ ကားအသစ် က GMC Hummer နဲ့ Renault 5 တို့ရဲ့ ပုံစံအတိုင်း ဖြစ်လာဖို့ ရှိပါတယ်။ အခု ထွက်ပေါ်လာတဲ့ Teaser Video အသစ်လေးကတော့ ခပ်တိုတိုလေးပဲဖြစ်တာကြောင့် ကားအသစ်ရဲ့ အရှေ့ ဘက် Silhouette လောက်ကိုပဲ မြင်လိုက်ရပြီး ကုမ္ပဏီ ရဲ့ အမှတ်သညာ ဖြစ်တဲ့ အတောင်ပံပုံစံ တံခါးနဲ့ Boxy Panels တို့ကိုလည်း တစ်ဖြတ်တော့ တွေ့လိုက် ရပါသေးတယ်။ ဒါတင်မကသေးပဲ Video လေးရဲ့ စာသားကတော့ “အနာဂါတ်က မသေချာလို့ အခုပဲ စိတ်ကူးယဉ် ပုံဖော်ကြည့်ကြပါစို့” ဆိုပြီး ‌ဖော်ပြထားတာ ကြောင့် အတော်လေးတော့ စိတ်လှုပ်ရှားဖို့ ကောင်းလာ စေခဲ့ပါတယ်။

Photo Credit: CARBUZZ

ကားအသစ် မိတ်ဆက်ဖို့ စီစဉ်ထားတာနဲ့ တစ်ပြိုင်နက် ကုမ္ပဏီရဲ့ Logo အမှတ်တံဆိပ် အသစ်ကိုလည်း အမေရိကရဲ့ မူပိုင်ခွင့်ရုံးဆီမှာ မှတ်ပုံတင်ထားခဲ့ပြီး ဖြစ်ပါတယ်။ အဆိုပါ မူပိုင်ခွင့်ထဲမှာ စိတ်ဝင်စားဖို့ကောင်း တာကတော့ အခု Logo အသစ်ကို ကားတွေမှာတင် မဟုတ်ပဲ အဝတ်အစားတွေ ၊ အိတ်တွေ နဲ့ ဦးထုတ်တွေ အပြင် အခြားအမျိုးမျိုး သော နေရာတွေမှာပါ သုံးဖို့ ဖော်ပြထားတာပါပဲ။ ကုမ္ပဏီ ရဲ့ တရားဝင် ဝက်ဘ်ဆိုဒ် မှာဆိုရင်လည်း သူတို့ရဲ့ Fleece Hoodie တစ်ထည်ကို $ 125 နဲ့ သာမန် Tee လေးတစ်ခုကို $ 49 တို့ ဆိုပြီး ဈေးတွေ အသီးသီး ဖော်ပြထားတာကို တွေ့ရပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် Brand ရဲ့ လုပ်ငန်းကြီး တစ်ခုလုံး ကို ထုတ်ကုန် ပေါင်းစုံနဲ့ ချဲ့ထွင်တာဟာ ကောင်းတဲ့လက္ခဏာ တစ်ခုလို့တော့ ယူဆရမှာပါ။ ဒါ့အပြင် အဆိုပါ ဒီဇိုင်းတွေကိုတော့ ကားတွေနဲ့ ကား အရောင်းကိုယ်စားလှယ် ဆိုင်တွေမှာလည်း တရားဝင် သုံးစွဲ သွားမှာ ဖြစ်ကာ တကယ်တမ်းကားအသစ် ထွက်လာတဲ့ အခါမှာလည်း ကားသစ်ရဲ့ တရားဝင်အမှတ်တံဆိပ် ဖြစ်လာ ဖို့ များနေပါတယ်။ အဆိုပါ Logo ကတော့ V ပုံစံ လေးကိုမှ တော်တော်ကို ရိုးရှင်း တာဖြစ်ပြီး ကုမ္ပဏီရဲ့ မူလအမှတ်သညာ အတောင်ပံပုံစံ တံခါးဒီဇိုင်းကိုလည်း မှီငြမ်းထားဟန် တူပါတယ်။ နောက်တစ်နေရာ အဖြစ် အခုဒီဇိုင်းကို ဆက်သုံးလာနိုင်တာကတော့ ကားရဲ့ အတွင်းခန်းနဲ့ ပတ်ပတ်လည်က Trim တွေမှာပဲ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

ဒါပေမယ့် တစ်ခု သတိပြုရမှာကတော့ အခု DeLorean Motor Company ဆိုတာဟာ ဟိုးယခင် ၁၉၇၅ ခုနှစ် တုန်းက John DeLorean ဆိုသူ စတင် တည်ထောင်ခဲ့တဲ့ ကုမ္ပဏီ မဟုတ်တော့ပဲ အဆိုပါ ကုမ္ပဏီက တော့ ၁၉၈၂ မှာတင် အဆုံးသတ်ခဲ့ရပြီး ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ လက်ကျန် ကုမ္ပဏီ အစုအဖွဲ့လေး အဖြစ်နဲ့ Texas အခြေစိုက် အနေနဲ့သာ သူတို့ရဲ့ Retro Sportscar တွေအတွက် အထောက်အပံ့ပေးနေခဲ့ပြီး လမ်း‌‌ပေါ်ရှိနေသေးတဲ့ DMC-12 ကားတွေ အတွက်လည်း ဝန်ဆောင်မှုတော့ ဆက်ပေးနေခဲ့ ပါတယ်။ သူတို့ ရဲ့ တရားဝင် အရောင်းကိုယ်စားလှယ် ရုံးတွေကိုတော့ အခု အချိန်အထိ အမေရိကန်ရဲ့ ဖလော်ရီဒါ ၊ ကယ်လီ ဖိုးနီးယား နဲ့ အီလီနွိုက်စ်တို့မှာ ဆက်မြင်နေရဆဲ ပါပဲ။ အခု ဆိုရင်တော့ တစ်ကျော့ပြန် အသစ် အသစ်တွေနဲ့ ပြန်စလာခဲ့တဲ့ DeLorean Motor Company အသစ် ကတော့ ကားအသစ်တွေကို အကန့်အသတ်နဲ့ စတင် ထုတ်လုပ်ပေးလာမယ်လို့တရားဝင် ကြေညာထားပြီ ဖြစ်ပြီး တစ်နှစ်ကို ကား အစီးရေ ၅၀ ကနေ ၁၀၀ အကြား ထုတ်လုပ်ပေးလာနိုင်ပါတယ်။ အဆိုပါ ကားတွေထဲမှာတော့ ဟိုးယခင် ၁၉၈၁-၁၉၈၃ မျိုးဆက် တွေအတွက်လည်း လိုတာတွေကို ပြန်လည် ထုတ်လုပ်ပေးလာနိုင်ကာ တစ်ချို့ ဆိုရင်တော့ ပြီးခဲ့တဲ့ ၂၀၂၀ အစောပိုင်း လောက်ကတည်းက ထုတ်လုပ်ပေးနေလောက်ပြီလို့ ခန့်မှန်း ရပါတယ်။

Ref: carbuzz.com