ကားလောက ထဲမှာတော့ ဘယ်နေရာပဲ ဖြစ်ဖြစ် လျှပ်စစ်စွမ်းအင်သုံးဆိုတဲ့အချက်ကို ငြင်းလို့ မရလာတော့တဲ့ အခြေအနေ ဖြစ်လာနေပါပြီ။ အခုလို လျှပ်စစ်နည်းပညာ အသစ်တွေအတွက် ကုမ္ပဏီတွေ အကုန်လုံးက လည်း ရင်းနှီး မြုပ်နှံမှု အသစ်တွေ အပြိုင်အဆိုင် လုပ်နေကြပြီ ဖြစ်သလို လုပ်ငန်း အသေးလေးတွေနဲ့ ဈေးကွက်တစ်ခုထဲလောက်ပဲ အားစိုက်နိုင်သေးတဲ့ ကားကုမ္ပဏီ သေးလေးတွေတောင်မှ ဘက်ထရီ လျှပ်စစ်ကား တွေ ဘက်ကိုပဲ အားလှည့်လာခဲ့ ကြပါတယ်။ အခုလို ကုမ္ပဏီလေးတွေထဲမှာ အခု နောက်ဆုံး ပါလာခဲ့တာကတော့ Lada ဆိုတဲ့ ကုမ္ပဏီဖြစ်ပြီး သူတို့ရဲ့ ပထမဆုံး လျှပ်စစ် ကားသစ်ကို ချပြဖို့ အဆင်သင့် မဖြစ်သေး ပေမယ့် နမူနာ Prototype ကိုတော့ စတင်မြင်တွေ့လာ ရပြီပဲ ဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံ ထဲကို ရုရှားတို့ ကျုးကျော်စစ် စတင်ဆင်နွှဲ ခဲ့ကတည်းကနေ အခု Lada ကို ပိုင်ဆိုင် တဲ့ AvtoVAZ ဆိုတဲ့ ကုမ္ပဏီလည်း အတော်လေးကြီးမားတဲ့ အခက်အခဲတွေကို ရင်ဆိုင်ခဲ့ရတာ ဖြစ်ပြီး ကားသစ်တွေ တင်ပို့ဖို့လည်း အတော်ဒုက္ခ ရောက်ခဲ့ရတာပါ။ မကြာသေးမီကမှ ကုမ္ပဏီ အနေနဲ့ Granta ဆိုတဲ့ ကားလေးကို ပြန်လည် ထုတ်လုပ် လာနိုင်ခဲ့တာ ဖြစ်ပြီး ABS နဲ့ Airbag တွေမပါသလို အခြားသော လုပ်ဆောင်ချက်တွေလည်း သိပ်တော့ မစုံသေးတဲ့ ကားလေးပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကုမ္ပဏီရဲ့ နောက်ထပ် စီမံကိန်းအသစ်ကိုတော့ တစ်ခါမှ အားစိုက် မထုတ် ဖူးသေးတဲ့ နယ်ပယ် အသစ်ကိုဖန်တီး ကြည့်ဖို့ ကြိုးစားနေတာဖြစ်ပြီးအခု ဆိုရင်တော့ လျှပ်စစ် စွမ်းအင်သုံး Wagon Prototype တစ်စီးအဖြစ် နမူနာစတင် မြင်လာရပါပြီ။

Photo Credit: motor 1.com

ဒါပေမယ့် အခု နမူနာ ကားပုံကို ကြည့်လိုက်တာနဲ့တင် မြင်ဖူးတဲ့ ကားတစ်စီးစီးနဲ့တော့ ဆင်နေသလို ဖြစ်ပါလိမ့်မယ်။ တကယ်လည်း အဆိုပါ ကားက ယခင် Dacia Logan LCV မျိုးဆက်ရဲ့ ကိုယ်ထည်ကို အခြေခံယူ ဖန်တီးထားလို့ပါပဲ။ အဆိုပါ ကားတုန်းကတော့ ၂၀၀၄ ခုနှစ်ထုတ် Ranault-Dacia ရဲ့ BO Platform ကို သုံးပေးထားတာဖြစ်ပြီး ပထမမျိုးဆက် Dacia Duster ၊ Nissan Kicks ၊ Mahindra Verito Vibe နဲ့ Lada Xray တို့လိုမျိုး ကားတွေမှာပါ အသုံးပြုခဲ့ ပါသေးတယ်။ ဒါပေမယ့် အဆိုပါ Platform ကိုပဲ အခု လျှပ်စစ်ကားသစ်မှာ ပြန်သုံးဖို့ အတွက် ကြီးကြီးမားမား သိပ်ပြင်ဆင် မွမ်းမံစရာ မလိုခဲ့သလို ဘက်ထရီတွေကို ကြမ်းခင်းမှာတင် တပ်ဆင်လို့ ရခဲ့ပြီး အားသွင်းပေါက် နေရာကို လည်းရှိပြီးသား CCS Port ကနေ ရနိုင်မယ်လို့ သိရပါတယ်။ အဆိုပါက e-Largus ဆိုတဲ့ ကားသစ်လေးရဲ့ အသေးစိတ် အချက်အလက်လေးကို ကုမ္ပဏီဘက်က ထုတ်မပြော သေးပေမယ့် သတင်းတွေ အရတော့ ၅ ယောက် စီးနဲ့ ၇ ယောက် စီး ခရီးသည်တင် ကားတွေ ဖြစ်လာနိုင်တယ်လို့ သိထားရသလို ကုန်တင် သီးသန့် Cargo Panel Van လည်း ပါဝင်လာ နိုင်မယ်လို့ ဆိုပြန်ပါတယ်။ ကားရဲ့ တစ်ခါ အားသွင်းထားပြီးရင် မောင်းနိုင်မယ့် Range ကတော့ ၂၅၀ မိုင် လောက်အထိ ရှိနိုင်ပြီး တရားဝင် မဟုတ်သေးပေမယ့်လည်း တကယ်သာ ဆိုရင်တော့ ယခင် ICE Platform ပေါ်မှာပဲ ဖန်တီးထားမယ့် လျှပ်စစ်ကားတစ်စီး အတွက်တော့ အထင်ကြီးစရာ စွမ်းဆောင်ရည် တစ်ခုပါပဲ။

Photo Credit: motor 1.com

Lada ဘက်က အတည်ပြုထားချက်တွေ အရတော့ အဆိုပါ ကားကိုမှ အမျိုးမျိုးသော Prototype နမူနာတွေကို လာမယ့်နှစ် ထဲမှာတင် ထုတ်လုပ်ပေးသွားမှာဖြစ်ပြီး တကယ့် Electric Wagonအနေနဲ့ စတင် မထုတ် လုပ်ခင် စမ်းသပ်မှုအစုံ လုပ်ဆောင်နိုင်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။ အချိန် အတိုင်းအတာ အရတော့ အဆိုပါ e-Largus ကားသစ်ကို ဘယ်အချိန်လောက် စတင်ထုတ်လုပ်လာနိုင်မလဲ ဆိုတာ မသေချာသေးပဲ အသေး စိတ် အချက်အလက် ကိုလည်း ကုမ္ပဏီဘက်ကနေချပြလာဖို့ စောင့်ဆိုင်း ရဦးမှာပါ။ တကယ်လို့ အစောဆုံး ၂၀၂၄ လောက်အထိ ဈေးကွက် ထဲ မဖြန့်နိုင်သေးဘူး ဆိုရင်တောင် အံ့အားသင့်စရာတော့ မရှိနိုင်သေးပဲ အဆိုပါ အချိန် နောက်ပိုင်း လောက်မှလည်း ဖြစ်ကောင်း ဖြစ်လာနိုင်ပါသေးတယ်။

Ref: motor 1.com