Fiat ကား ကုမ္ပဏီကတော့ ဥရောပ ဈေးကွက်တွေ ထက်စာရင် Argo ၊ Cronos နဲ့ Pulse ကား အမျိုးအစားတွေနဲ့ အတူ လက်တင်အမေရိက ဈေးကွက်မှာ ပိုပြီးနေရာရတာလည်း တွေ့ရပါတယ်။ ဥရောပ ဈေးကွက် မှာလည်း တကယ်တော့ အဆိုပါကား အမျိုးအစားတွေ နေရာမရနိုင်ခဲ့ပဲ ဓာတ်ဆီသုံး Fiat 500 မျိုးဆက်ဟောင်း ဆိုရင်လည်း သက်တမ်းရလာသလို တစ်ဖက်မှာလည်း VW Golf တို့လို ရွေးချယ်စရာတွေ များလာ တာကြောင့်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် အခုဆိုရင်တော့ ကားသစ်တွေကို တစ်ကျော့ပြန်ရလာ နိုင်ပါတယ်။ အဆိုပါ ကား‌သစ် တွေထဲမှာမှ လာမယ့် ၂၀၂၃ အရောက်မှာ ဆိုရင် Fiat 600 မျိုးဆက်တွေကို အရင်မြင် ရနိုင်ပြီး လေးမီတာလောက်ရှည်မယ့် Subcompact Crossover ကားလည်း ဖြစ်လာနိုင်တာပါ။ ကားသစ်ကတော့ ဒုတိယမြောက် မျိုးဆက် CMP Platform ပေါ်မှာ အခြေခံ ထားလာနိုင်ပြီး ဓာတ်ဆီပဲ သုံးလာနိုင် သေးကာ Hybrid နဲ့ လျှပ်စစ်သီးသန့် မျိုးကွဲတွေကိုလည်း တွဲဖက် မြင်ကောင်း မြင်လာ ရနိုင်ပါသေးတယ်။ ကားသစ်တွေကိုတော့ လာမယ့်နှစ် ဒုတိယနှစ်ဝက်ကာလ လောက်မှာပိုလန်မှာ စတင်တပ်ဆင် ထုတ်လုပ် လာလိမ့်မယ်လို့ ယူဆရပါတယ်။

Photo Credit: motor 1.com

‌အဆိုပါ ကားထက် ပိုကောင်းမယ့် မျိုးဆက်သစ် Panda ကားကို ၂၀၂၄ လောက်မှာ စတင်မြင်ရလာနိုင်ပြီး လျှပ်စစ် သီးသန့် ကားတစ်စီးသာ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင်လက်ရှိ ကားနဲ့ အတူတူ ဆက်လက်ရပ်တည် လာနိုင်ပြီး ၂၀၂၆ အရောက် မှာတော့ Hybrid Model တွေကို Fiat က စတင် အနားပေးတော့မှာ ဖြစ်ပါတယ်။ အဆိုပါ All-New Panda အသစ်ကိုတော့ ယခင် Multipla ကားအစား ပြန်ဝင်လာဖို့အတွက် မှတ်ယူ ထားလို့ ရနိုင်ပေမယ့် ယခင်ထက်တော့ ပိုကြီးတဲ့ လျှပ်စစ် Crossover ကားတစ်စီးအနေနဲ့ ဖြစ်လာမှာပါ။

Photo Credit: motor 1.com

အဆိုပါ တစ်ကျော့ပြန် ရောက်လာဦးမယ့် Multipla လက်သစ်ကားကတော့ တစ်နည်းအားဖြင့် ယခင် Fiat 500X နဲ့ Tipo ကားတွေ အစားကိုပါ အစားထိုးလာနိုင်တယ်လို့ ဆိုရမှာပါ။ အကြောင်းကတော့ အဆိုပါ ကား ၂ မျိုးလုံး ကိုလည်း လာမယ့် ၂၀၂၄ အရောက်မှာ ကုမ္ပဏီက ဆက်လက် မထုတ်လုပ်တော့မှာ ဖြစ်လို့ပါပဲ။ ဘယ်လိုပဲ ပြောပြော Fiat ရဲ့ ယခင် နာမည်ကျော် မော်ဒယ်တွေကို အခုလိုမျိုး အစားထိုး နှုတ်ဆက်ရမှာ ကုမ္ပဏီဘက်က ခက်ခဲနိုင်ပေမယ့်လည်း အနာဂတ် ဥရောပ ဈေးကွက်ထဲ ဆက်ပြီး ရပ်တည်ချင်သေးတယ် ဆိုရင်တော့ အခုလိုမျိုး ပြောင်းကိုပြောင်းလဲ ရတော့မှာ သေချာပါတယ်။ ကားသစ် ထွက်လာဖို့ကလည်း သေချာသလောက်ကို ရှိနေပြီး လတ်တလောမှာကိုပဲ Camouflage အပြည့် အုပ်ပြီးစမ်းသပ်နေတဲ့ Fiat 600 Prototype ကို တွေ့ရှိထားရပြီးဖြစ်ပါတယ်။ ဒီကားတွေ အပြီးမှာ နောက်ထပ် ဆက်ထွက်လာနိုင်သေးတဲ့ တစ်ကျော့ပြန် ကားသစ်တစ်စီးကတော့ Topolino ဖြစ်ပြီး ၂၀၂၃ လောက်မှာတင် မြင်ရနိုင်ကာ Citroen Ami နဲ့ Opel Rocks-e ကားတွေရဲ့ Rebadged Version အနေနဲ့ ဖြစ်လာ နိုင်မယ်လို့ ခန့်မှန်းရပါတယ်။

Ref: motor 1.com