အခုချိန်မှာတော့ လျှပ်စစ် ကားတွေ ခေတ်စားလာတာနဲ့ အမျှ ယခင်ခေတ်ဟောင်း နာမည်ကျော် ကားတွေ ကို လျှပ်စစ် စွမ်းအင်နဲ့ ပြန်ပြောင်းကြတာလည်း အတော်လေး ခေတ်စားနေပါတယ်။ သီးသန့် ကုမ္ပဏီ‌တွေ ဖြစ်ကြတဲ့ Everrati ဆိုရင် 911 ကားကို လျှပ်စစ်သီးသန့် ကားအဖြစ် ပြောင်းလာတာမျိုး မြင်ရသလို Ford တို့လို နာမည်ကြီး ကားကုမ္ပဏီ တွေကပါ F-100 Eluminator လိုမျိုး ကားဟောင်းတွေကို လျှပ်စစ် ကား ပြောင်းတာတွေ လုပ်လာနေတာပါ။ ဒါပေမယ့် အခုတစ်ခေါက် မြင်ရမယ့် Original Mini Cooper ကား လေးကို လျှပ်စစ် ကားအဖြစ် ပြောင်းတာမျိုး ကတော့ ရှားပါးပြီး ထူးခြား ပါလိမ့်မယ်။ အရွယ်အစားက မြို့ထဲ ပတ်ဖို့ အကောင်းဆုံးအရွယ် ဖြစ်နေတဲ့ အဆိုပါ မီနီကားလေး ကိုတော့ Aznom Automotive ဆိုတဲ့ ကုမ္ပဏီ က ပြန်လည် ဆန်းသစ်လိုက်တာ ဖြစ်ပါတယ်။ အဆိုပါ ကုမ္ပဏီကတော့ ယခင် တုန်းက 850 hp ရှိတဲ့ Aznom Palladium ကားနဲ့ နာမည်ကျော် ခဲ့ဖူးတာဖြစ်ပြီး အခုဆိုရင်တော့ Toys 4 Boys ဆိုတဲ့ နာမည်နဲ့ အတူ ကားဟောင်းတွေ ပြန်လည်ဆန်းသစ်တဲ့ Tuning ပိုင်းကို အဓိက လုပ်ကိုင်နေပါတယ်။

Photo Credit: CARBUZZ

အဆိုပါ Toys 4 Boys ကနေ Classic Mini ကားလေး ကို အခုလိုပဲ ခေတ်ပေါ် လျှပ်စစ် ကားတစ်စီး အနေနဲ့ ပြောင်းလဲ လိုက်တာဖြစ်ပြီး ILifePo 14 kWh DM 219 Battery ပါဝင် တဲ့ Retrofit 60 hp စွမ်းဆောင် ရည်စနစ်ကို ထည့်ပေးထား လိုက်ပါတယ်။ ‌လက်ရှိ ခေတ်ပေါ်စံနှုန်းတွေနဲ့ ကြည့်ရင်တော့ အတော်လေးသေး တဲ့ ပမာဏဆိုပေမယ့် Brand New 2023 Mini Cooper EV မှာတောင်မှ 32 kWh battery ပဲ သုံးထား တာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် Aznom ကုမ္ပဏီကတော့ အခုလို ပေါ့ပါးသေးငယ်တဲ့ ကားလေးက တစ်ကြိမ်အား သွင်းထားရင်တောင် ၈၇ မိုင်အထိ မောင်းနိုင်တာကြောင့် မြို့တွင်းမောင်းဖို့ အသာလေးပဲလို့ ဆိုထားပါတယ်။ အခုကားရဲ့ မူလကားကတော့ 1984 ကနေ 1990 အတွင်း ထွက်ခဲ့တဲ့ Mini Mk 5 ဖြစ်ပြီး အခုလို လျှပ်စစ် စွမ်းအင် ပြောင်းတာကိုတော့ 1982 Model နောက်ပိုင်းတွေမှာ အကုန် လုပ်လို့ ရတယ်လို့ သိရပါတယ်။ ကားလေးက သေးပေမယ့်လို့ Eco ၊ Normal နဲ့ Sport ဆိုတဲ့ မောင်းနှင်မှု ပုံစံ Mode ၃ မျိုး အထိတောင် ရွေးလို့ ရနေပါသေးတယ်။ ကုမ္ပဏီ ဘက်‌ကတော့ အခုလိုမျိုး Kit အသစ်လေးကို  Mini Cooper လို ကား မျိုးတွေအတွက်လည်း နောက်ပိုင်း စီစဉ်ပေးဖို့ ရှိတယ်လို့ ဆိုထားပါသေးတယ်။ တကယ်လို့သာ လျှပ်စစ် ကား အဖြစ် အသွင်ပြောင်းရာမှာ အခုထက် ပိုကောင်းတဲ့ မော်တာတွေကို သုံးနိုင်ဦးမယ် ဆိုရင်တော့ American Muscle Car တွေကိုပါ ပြုပြင်ပေးတာ မြင်ချင်မိကြပါလိမ့်မယ်။

Photo Credit: CARBUZZ

အခု Mini E-Classic ကားလေးကလည်း အပြင်ပန်းအရ  ကြည့်လိုက်ရင်တော့ အတော်လေးခေတ်ဟောင်း ပုံစံ ပေါက်နေပေမယ့် အတွင်းခန်းမှာတော့ အပြာရောင် Alcantara အသားတွေနဲ့ လယ်သာသား တွေကိုမှ အဝါရောင် လိုင်းလေးတွေနဲ့ တော်တော် လိုက်ဖက်လွန်းနေပါတယ်။ အတွင်းခန်းမှာလည်း Retro အရသာ လေးကို ထပ်ပေးထား သေးတယ်ဆိုပေမယ့် ထူးထူးခြားခြားပဲ ခေတ်ပေါ် ‌Digital Instrument ကိုတောင် ထည့်ပေးထားတာက အံ့အားသင့်စရာပါ။ အခုကားလိုမျိုးပဲ ပြင်သစ် ပညာရှင်တစ်ယောက် ဖန်တီးထားတဲ့ နောက်ထပ်တစ်စီး ကတော့ Cote d’Azur ဖြစ်ကာ အတွင်းခန်းနဲ့ လိုက်ဖက်တဲ့ Tiffany Turquoise အရောင် လေးတွေ ပါဝင်လာပါတယ်။ တစ်ဖက်မှာ လည်း Mini ကုမ္ပဏီ ကိုယ်တိုင်ကတော့ ဖက်ရှင်ဒီဇိုင်နာ တစ်ယောက်ဖြစ်သူ Paul Smith နဲ့ ပူးပေါင်းပြီး လျှပ်စစ် Classic Cooper တစ်စီးကို မကြာသေးမီကမှ ဖန်တီးခဲ့ ဖူးသေးကာ တစ်စီးတည်းပဲ မြင်ခဲ့ရတာပါ။ အခုတစ်ခေါက် မြင်ရတဲ့ Aznom ဆီက ကားလေးက တော့ ရောင်းချဖို့ဖြစ်ပြီး မိုနာကို ဈေးကွက်ထဲမှာတော့ ထိပ်တန်း ရောက်နေပါတယ်။ အခုလို ကားလေးတွေ အမြောက်အများ ထုတ်လုပ်မှုတွေကိုတော့ လာမယ့် စက်တင်ဘာလမှာ စတင် သွားတော့မှာပါ။

Ref: carbuzz.com