Chrysler က ထုတ်လုပ် သွားမယ့် အနာဂတ် ကားသစ်တွေထဲမှာ မျိုးဆက်သစ် Infotainment System အတွက်ကို Stellantis ရဲ့ STLA Electric Platform ကို အခြေခံကာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ အဆိုပါ နည်းပညာ မှာတော့ မောင်းသူမဲ့ စနစ်တွေအတွက် အပြင် Dashboard တစ်ခုလုံးကို နေရာယူထားလာမယ့် Screen အကြီးကြီးတွေ ကလည်း သိသိသာသာ ပါဝင်လာမှာပါ။ အခု CES 2023 ပြပွဲကြီးထဲ မှာလည်းအလားတူ အတွင်းခန်းနည်းပညာ သစ်ကို သရုပ်ပြ ချပြခဲ့ပြီး ၂ ယောက် စီး Cockpit အတွင်း ဒီဇိုင်းသစ်ကို မြင်ခဲ့ရတာပါ။ Chrysler ကတော့ နောက်ဆုံးပေါ် အဆင့်မြင့် AI သုံးထားမယ့် အဆိုပါ Infotainment System အသစ်ဟာ သုံးနေရင်းနဲ့ကို ပိုင်ရှင်ရဲ့ အလိုကို သေချာမှတ်သားနိုင်လိမ့်မယ်လို့ ဆိုထားပါတယ်။

Photo Credit: AllAutoExperts

ဒါ့အပြင် အဆိုပါ စနစ်မှာ အဓိကကျမယ့် STLA Brain ဆိုတဲ့ နည်းပညာ ကလည်း နောက်ပိုင်း ပေါ်လာဦးမယ့် အပိုင်း မှန်သမျှကို ကြိုးမဲ့ Update တင် နိုင်သေးတာကြောင့် အမြဲလိုကို ခေတ်မှီ အဆင့်မြင့်နေမယ့် နည်းပညာလို့ ဆိုရတော့ မှာပါ။ ဒါ့အပြင် ကားပိုင်ရှင်ရဲ့ လုပ်ငန်းဆောင်တာတွေကိုပါ မှတ်သားပြီး ကူညီလုပ်ဆောင်ပေးနိုင်မယ့် Digital Assistant စနစ်ကိုလည်း ထည့်ပေးထားဦးမှာ ဖြစ်ပါတယ်။ Chrysler ကတော့ အဆိုပါ Assistant Function က ကားထဲမှာရော ကားအပြင်မှာပါ လိုက်ပါ အသုံးပြုနိုင်လိမ့်မယ်လို့ ဆိုထားပြီး ကားရဲ့ အခြေအနေကို လိုက်တာ ဘယ်နေရာမှာတော့ အားသွင်းရမယ် ၊ ပါကင်ထိုးရမယ် စသဖြင့် အသေးစိတ်ကို မှတ်သားကူညီ ပေးထားနိုင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါတင်မကသေးပဲ ကားနဲ့ Smart Home Devices တွေကို ချိတ်ဆက်ပြီး အလုပ်လုပ် နိုင်သေးတာကြောင့် Online Shopping တွေအတွက်တောင် ပိုအဆင် ပြေနိုင်ပါသေးတယ်။

Photo Credit: AllAutoExperts

ဒါ့အပြင် အဆိုပါ SLTA Platform ရဲ့ SLTA AutoDrive နည်းပညာကြောင့် မောင်းသူမဲ့ စနစ် ၃ မျိုး အထိကို ရွေးချယ်လို့ ရဦးမယ်လို့လည်း သိရပါတယ်။ နည်းပညာတွေက တကယ်ကို ခေတ်လွန် အပြင်အဆင် တွေ ဆိုပေမယ့် အတွင်းခန်း အတွက် သုံးထားမယ့် ပစ္စည်းတိုင်းကတော့ ပတ်ဝန်းကျင်နဲ့ ကိုက်ညီမယ့် ပစ္စည်းတွေချည်းပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ပြန်လည် Recycling လုပ်ထားတဲ့ ပလတ်စတစ်တွေ ၊ အသီး အရွက်တွေကနေပဲ ဖန်တီးထားတဲ့ ထိုင်ခုံချည်သားတွေ နဲ့ Chrome Pattern တွေ လုံးဝမထည့်ထားတဲ့ ပုံစံမျိုးတွေ ဖြစ်ပါတယ်။ အခု ပွဲကြီးထဲမှာ စနစ်သစ်ကို မိတ်ဆက် ခဲ့ရာမှာတော့ အနာဂတ်မှာ Chrysler ကားပိုင်ရှင် တစ်ယောက် ဖြစ်ရတာဘယ်လောက်တောင် အဆင်ပြေနိုင်မလဲ ဆိုတာကို သရုပ်ပြသွားခဲ့ပြီး သွားချင်တဲ့ လမ်းတွေကို အလိုအလျောက်စီစဉ်ပေးပြီး သိရှိနေတာ အဆင်ပြေစေမယ့် မောင်းသူမဲ့ စနစ်တွေ ရှိနေတာရယ်နဲ့ ပါကင်ထိုးရတာ အဆင်ပြေတာတွေ စသဖြင့် အစုံပဲ ဖြစ်ပါတယ်။ မောင်းသူမဲ့ စနစ်ကတင် စိတ်ဝင်စားဖို့ ကောင်းနေတာ မဟုတ်ပဲ ကားမှာ ပါဝင်လာဦးမယ့် Chill ၊ Zen နဲ့ Fun အစရှိတဲ့ Mode တွေ ကပါ အတော်လေး ဆန်းသစ်နေတာဖြစ်ပြီး အေးဆေးအနားယူတာ ၊ တရားထိုင်တာနဲ့ အခြားသော အပျော်လုပ်ရတာ မျိုးတွေမှာ အခြေအနေနဲ့ လိုက်ဖက်အောင်ကို အတွင်းခန်းက ပြောင်းလဲ ပေးနေ တော့မှာပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts