Chrysler ကားကုမ္ပဏီကတော့ လာမယ့် ၂၀၂၈ အရောက်မှာ လျှပ်စစ်ကားကုမ္ပဏီ တစ်ခုအဖြစ် ကူးပြောင်း နိုင်အောင် ကြိုးစားနေပြီး အဆိုပါ အစီအစဉ် ထဲမှာတော့ Chrysler 300 Sedan ကားကလည်း တစ်စိတ် တစ်ပိုင်း အနေနဲ့ ပါကောင်း ပါလာနိုင်ပါတယ်။ သူတို့ အနေနဲ့ ပထမဆုံးသော လျှပ်စစ်ကားကို လာမယ့် ၂၀၂၅ အရောက်မှာ စတင် ချပြမှာဖြစ်ပြီး အခုနှစ် အစောပိုင်းတုန်းက မြင်ခဲ့ရတဲ့ Airflow Concept ကို ပြန်လည်မှီငြမ်းထားမယ့် အရွယ်အစား အလယ်အလတ်ရှိ SUV တစ်စီး ဖြစ်လာလိမ့်မယ်လို့ ယူဆရပါတယ်။ Airflow Concept  ကိုယ်တိုင်ကတော့ ကားသစ် တစ်စီး အနေနဲ့ ထွက်ပေါ်လာဖို့ မရှိသေးတာ ဖြစ်ပါတယ်။ အဆိုပါ ပထမဆုံးသော လျှပ်စစ်ကား အပြီးမှာတော့ လာမယ့် ၂၀၂၆ အရောက်မှာဆိုရင် Chrysler 300 လျှပ်စစ် ကား အမျိုးအစားက ဈေးကွက်ထဲ ဆက်တိုက် ရောက်လာ ဖို့ ရှိနေနိုင်ပါတယ်။

                                                                      Photo Credit: MotorAuthority

အဆိုပါ 300 EV သာ တကယ်ထွက်လာခဲ့မယ် ဆိုရင်တော့ တစ်ခါအားသွင်းရင် မိုင် ၅၀၀ အထိ မောင်းနှင် နိုင်လိမ့်မယ် လို့ ယုံကြည်ရပါတယ်။ ကားကိုတော့ ကုမ္ပဏီရဲ့ မူလ Stellantis က ထုတ်လုပ်ထားတဲ့ Modular EV Platform ၄ ခု ထဲက တစ်ခုဖြစ်မယ့် STLA Platform ကို သုံးထားမယ်လို့ သိရပါတယ်။ ဒါကြောင့် အခုကားကတော့ လာမယ့် ၂၀၂၄ မှာ Stellantis လက်အောက်က နောက်ထပ် ကုမ္ပဏီတစ်ခုဖြစ် တဲ့ Dodge ရဲ့ လျှပ်စစ်ကားသစ်နဲ့ ဆက်စပ်မှု ရှိနေနိုင်ပါသေးတယ်။ Dodge အနေနဲ့ ကလည်း သူတို့ ရဲ့ ပထမဆုံးသော လျှပ်စစ် Muscle Car ကို လာမယ့် ၂၀၂၄ အရောက်မှာ စတင်ထုတ်လုပ်သွားမှာ ဖြစ်ပြီး အခု နှစ် နှောင်းပိုင်းလောက်မှာတော့ Concept အဆင့် စမြင်ရဖို့ ရှိပါတယ်။ Stellantis ရဲ့ ရင်းနှီး မြုပ်နှံမှုတွေထဲ မနှစ်ကဖော်ပြချက်တွေအရတော့ ကုမ္ပဏီဟာ STLA Platform အကြီးစားအသစ်ကို ၁၈၆ လက်မ လောက် အထိ ရှိမယ့် ကားအရှည်အကြီးတွေ အတွက် ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ အဆိုပါ Platform မှာ တော့ လျှပ်စစ် စနစ်ကို 800 V အနေနဲ့ ထုတ်လုပ်ထားပြီး မြန်နှုန်းမြင့် အားသွင်း စနစ် နဲ့ အတူ ဘက်ထရီ တွေ ဆိုရင်လည်း 118 kWh လောက် အထိ ရှိတဲ့ ဆိုဒ်တွေကို သုံးနိုင်မှာပါ။ လျှပ်စစ် မော်တာ တွေကိုတော့ ဘယ်လို အရွယ်အမျိုးမျိုးမဆို လိုက်ဖက်ညီ တပ်ဆင်‌နိုင်အောင် ဖန်တီးပေးထားပြီး Range အပိုင်းကလည်း တစ်ခါ အားသွင်းထားရင် မိုင် ၂၀၁ မိုင်ကနေ ၄၄၂ မိုင်လောက် အထိကို  မောင်းနှင်နိုင်ဖို့ ရှိနေပါတယ်။

Photo Credit: MotorAuthority

အခု ပုံထဲမှာ မြင်ရတာကတော့ Stellantis ရဲ့ Investor Presentation ထဲကဖြစ်ပြီး စိတ်ဝင်စားဖို့ ကောင်း တာ တစ်ချက်ရ သူတို့ရဲ့ Platform အသစ်ကို သရုပ်ပြရာမှာ Chrysler ရဲ့ Airflow Concept ထဲက ခပ်ကြီး ကြီး Fastback Sedan ကို နမူနာ ယူပြထားတာပါပဲ။ Drive ရဲ့ သတင်းတွေ အရတော့ Chrysler CEO ဖြစ်သူ Christine Feuell က Brand အနေနဲ့ ပိုကြီးတဲ့ Sedan အပိုင်းကို သပ်သပ်ခွဲထုတ်ကာ လျှပ်စစ်စွမ်း အင် အသစ်နဲ့ အောင်မြင်အောင် ကြိုးစား နေတယ်လို့ ဆိုထား ပါတယ်။ ဒါကြောင့် Chrysler 300 ကားကို လျှပ်စစ်ကား မျိုးဆက်သစ် အဖြစ် အသွင်ပြောင်းဖို့ လုပ်နေတယ် ဆိုတဲ့ သတင်းတွေက ပိုမို ခိုင်မာလာစေ ခဲ့တာပဲ ဖြစ်ပါတယ်။ Feuell ကတော့ ပြီးခဲ့တဲ့ ဆောင်းဦးရာသီ ကမှ Chrysler ရဲ့ CEO အဖြစ် ခန့်အပ်ခံခဲ့ရ တာ ဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်တွေ အတွင်း 300 ကားနဲ့ Pacifica Minivan ၂ မျိုး ကိုသာ ထုတ်လုပ်နိုင်ခဲ့တဲ့ ကုမ္ပဏီကို ဦးဆောင်ရမယ့် စိန်ခေါ်မှုကြီး ဖြစ်နေတာပါ။ တစ်ချို့ကလည်း Chrysler ရဲ့ ခေတ်ကုန်ပြီလို့ ဆို နေကြပေမယ့် Stellantis CEO ဖြစ်သူ Carlos Tavares ရဲ့ မနှစ်က ကြေညာချက်ထဲမှာဆိုရင် ကုမ္ပဏီ ရဲ့ Brand တွေတိုင်းကို ၁၀ နှစ်တာ ရင်းနှီးမြှုပ်နှံထားတယ်လို့ သိရပါတယ်။

Ref: MotorAuthority