တကယ်လို့များ အမေရိကန် နိုင်ငံ၊ မိုင်ယာမီ ကမ်းခြေကို ရောက်သွားလို့ Chevy Corvette C7 ကားတစ်စီး ရေထဲ ရောက်နေတာမြင်ရင် လန့်ပြီးအရေးပေါ်တွေ မခေါ်မိဖို့ အရေးကြီးပါတယ်။ အကြောင်းကတော့ သေချာ ကြည့်လိုက်ရင် အဆိုပါ ကားက ကားမဟုတ်ပဲ ရေထဲမှာ မောင်းနိုင်တဲ့ Jet မော်တော်ဖြစ်နေလို့ပါ။ ‌အခုနောက်ပိုင်း ဖလော်ရီဒါ ပြည်နယ်ထဲ ခေတ်စားနေတဲ့ ရေပေါ်မောင်း C7 Corvette ကားတစ်စီး ဆိုရင် လည်း မှန်ပါတယ်။ အဆိုပါ အမေရိကန် Sports Car နဲ့ ဒီဇိုင်းအတူတူ ဖန်တီးထားတဲ့ Jet Car ကိုတော့ မိုင်ယာမီ အတွင်းမှာ ငှားပြီး မောင်းလို့ လည်းရသလို ဝယ်လို့လည်း ရတယ်လို့ သိရပါတယ်။ အမိုးမပါပဲ နှစ်ယောက်စီး ထိုင်ခုံနဲ့ အဆိုပါ ယာဉ်လေးကတော့ Jetski နဲ့တောင် တူနေပေမယ့် ကုမ္ပဏီကတော့ အဲ့လို မသတ်မှတ်ထားပါဘူး။ ရေယာဉ်မောင်းနဲ့ ခရီးသည်တို့က ကားထဲ မှာလိုပဲ ဘေးချင်းကပ်ထိုင်ရမှာ ဖြစ်ပြီး ယခင် ဒူဘိုင်းမှာ မြင်ဖူးခဲ့ကြတဲ့ Corvette Boat ရေယာဉ်နဲ့လည်း သဘောတရား အတူတူပဲ ဖြစ်ပါတယ်။

Photo Credit: motor 1.com

ဒါပေမယ့် မတူတဲ့ တစ်ချက် ကတော့ ဒူဘိုင်းက ရေယာဉ်လောက် ဈေးကြီးမှာ မဟုတ်ပဲ အခု ယာဉ်အတွက် တစ်နာရီ ငှားရမ်းခက အနည်းဆုံး ဒေါ်လာ ၃၅၀ က စတင်မှာပါ။ ဒါပေမယ့်ဝယ်ချင်တယ် ဆိုရင်တော့ Jet Car ရဲ့ Website မှာ ပြန်ထုတ်မရမယ့် ကြိုတင် Deposit ဒေါ်လာ ၅၀၀ အရင် တင်ထားရပါလိမ့်မယ်။ အဆိုပါ ပမာဏကို ယာဉ်ရဲ့ မူလ တန်ဖိုးကနေ ပြန်လည် နှုတ်ယူပေးမှာဖြစ်ပြီး ဈေးကတော့ $ 46,000 ကနေ $ 55,000 ဝန်းကျင်ကြား ရှိနိုင်ကာ ယာဉ် မှာသုံးထားတဲ့ အင်ဂျင်ပေါ် မူတည်ပြီး ကွာခြားနိုင်ပါတယ်။ တကယ်တော့ အခုလို အတော်လေး ဈေးကြီးတဲ့ ယာဉ်ကို ဝယ်မယ်လို့ စဉ်းစားလိုက်ပြန်ရင် တစ်ဖက်မှာ အတော် လေး နီးစပ်နေပြီဖြစ်တဲ့ အလန်းစား Corvette C8 ကို ဝယ်လို့ ရနေပြန်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘယ်လိုပဲဖြစ်ဖြစ် C8 ကားကတော့ အခုလို ရေပေါ်မောင်းလို့ရမှာ မဟုတ်တာ သေချာပါတယ်။

ဒါပေမယ့် အခု Jet Car ရဲ့ ယာဉ်ကလည်း ရေထဲမှာပဲ မောင်းလို့ရပြန်တာဖြစ်ပြီး ကုန်းပေါ်တော့ တက်မရပြန်ပါဘူး။ ကမ်းခြေကို ဆွဲသွားရမှာ ဖြစ်ပေမယ့် အလေးချိန်ကတော့ ၁,၂၀၀၀ ပေါင်ပဲ ရှိလို့ တော်သေးတယ် လို့ ဆိုရမှာပါ။ အဆိုပါ ယာဉ်မှာတော့ 4-Cylinder ၊ 4-Stroke 1.8 Liter စွမ်းဆောင်ရည်မြင့် Yamaha Marine Engine ကို တပ်ဆင် ပေးထားတာဖြစ်ပြီး တစ်နာရီကို ရေမိုင် ၆၅ မိုင်အထိ အမြင့်ဆုံး မောင်းနှင်နိုင် ပါတယ်။ အခြားသော အရေးကြီးလုပ်ဆောင်ချက်တွေ ဖြစ်တဲ့ Headlights ၊ Taillight တွေ ၊ အချက်ပြမီးတွေ ၊ Windshield Wipers တွေနဲ့ Bluetooth Radio စနစ်တွေလည်း ပါဝင်လာမှာဖြစ်ကာ အသံအတွက် ဆိုရင် ၆ လက်မအရွယ် Premium Speaker ၄ လုံးတောင် ပါဝင်လာသေးတာပဲ ဖြစ်ပါတယ်။

Ref: motor 1.com