ယူကေမှာရှိတဲ့ ၁.၆ မိုင် လောက်အထိ ရှည်လျားတဲ့ မီးရထားလမ်းသွား ဥမင်လှိုင်ခေါင်းတစ်ခုကိုတော့ အခု ဆိုရင် Supercar တွေအတွက် စမ်းသပ်ရာလမ်းကြောင်းအသစ်တစ်ခုအဖြစ် ထူးထူးခြားခြား ပြောင်းလဲ လိုက်နိုင်ပြီ ဖြစ်ပါတယ်။ ယခင်တုန်းက Great Central Main Line ရဲ့ လမ်းကြောင်း တစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့တဲ့ အဆိုပါ Catesby Tunnel လှိုဏ်ခေါင်းကတော့ အခုဆိုရင် ‌Aero Research Partners (ARP) အတွက် အချိန်ပြည့် ကားသစ်တွေ စမ်းသပ် စစ်ဆေးစရာနေရာကောင်း တစ်ခု ဖြစ်လာနိုင်ခဲ့ပါတယ်။ အဆို ပါ နေရာအတွက် အားလုံး သေချာပြင်ဆင်ပြီး ဝန်ဆောင်မှုတွေကိုတော့ မနှစ်က နိုဝင်ဘာလမှာ စတင်ဖွင့် လှစ်နိုင်ခဲ့ပြီး လက်ရှိ အချိန်အထိတော့ အဆိုပါ လှိုဏ်ခေါင်းကို ဘယ်သူက ပိုင်ဆိုင်ထားလဲဆိုတာ Catesby Tunnel ရဲ့ တရားဝင် Website မှာ မဖော်ပြထား သေးတာတွေ့ ရပါတယ်။

 

အဆိုပါ ဥမင်ကိုတော့ ၁၈၉၇ ခုနှစ် မှာ တည်ဆောက် ပြီးစီးခဲ့ပြီး ၁၉၆၆ ခုနှစ် မှာတော့ ဆက်လက် အသုံးမ ပြုတော့ ပဲ အပြီးတိုင် ပိတ်သိမ်း ခဲ့ပါတော့တယ်။ ဒါကြောင့် အခုဆိုရင် လုံးဝပိတ်သိမ်းထား ရှိပြီး အသုံးမပြု တာ နှစ် ၅၀ လောက် အထိကို ရှိနေခဲ့ပါပြီ။ အဆိုပါ လမ်းကြောင်းကို ရထားလမ်း အဟောင်းအစား အခုလို ကားသစ်တွေ စမ်းသပ်ရာ လမ်းကြောင်းအဖြစ် ပြောင်းလဲနိုင်ဖို့ သက်ဆိုင်ရာကနေ ခွင့်ပြုချက်တွေ ‌တောင်း နိုင်ခဲ့ အပြီးမှာတော့ ၂၀၁၇ ခုနှစ် မှာ ခွင့်ပြုခဲ့ပါတယ်။ အဆိုပါ ခွင့်ပြုချက်အရတော့ အခု ဥမင်ကို Supercar တွေနဲ့ ပြိုင်ကားတွေရဲ့ Aerodynamic အပိုင်း ကောင်းကောင်း စမ်းသပ် စစ်ဆေးတဲ့ နေရာမှာ အသုံး ပြုနိုင် မှာပဲ ဖြစ်ပါတယ်။ အခုလို ပြန်လည် ပြုပြင်ပေးထားတဲ့ အစိတ် အပိုင်းတွေထဲမှာ ပြေးလမ်းတစ်ခုလည်း ပါဝင်ပါတယ်။ အဆိုပါ လမ်းကြောင်းကို ပြန်လည် ဖန်တီး ဆောက် လုပ်ခဲ့စဉ်တုန်းကတော့ Silverstone ၊ ဘာရိန်း နဲ့ အဘူဒါဘီတို့က Formula One Grands Prix ပြိုင်ပွဲတွေမှာ သုံးထားတဲ့ ကျောက်သားတွေနဲ့ အတူတူ အသုံးပြု တည်ဆောက်ခဲ့တာကတော့ ထူးခြားတာ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

အခု ဥမင်ရဲ့ အဓိက ကောင်းကွက် တစ်ခုကတော့ ကားသစ်တွေ အကုန်လုံးကို ဘယ်လို ရာသီဥတုဒဏ်မှ မခံရပဲ မိုးလုံ လေလုံ အချိန်မရွေး စမ်းသပ်စစ်ဆေး နိုင်မှာပါပဲ။ ပြင်ပလောကမှာ ဆိုရင် မထင်မှတ်ထားတဲ့ ရာသီဥတု အပြောင်းအလဲတွေကြောင့် ကားသစ် စမ်းသပ်မှုတွေရဲ့ ရလဒ်တွေ အပေါ် သက်ရောက်မှု ရှိတတ် ကြပြီး အခု ဒီ ဥမင် ကြီးထဲမှာပဲ လွတ်လွတ်လပ်လပ်နဲ့ အထိအခိုက် မရှိ မောင်းနှင် စမ်းသပ် နိုင် တော့မှာပါ။ ခွင့်ပြုချက် အရတော့ အဆိုပါ ဥမင်ထဲမှာ Aerodynamic ပိုင်း ကောင်းမကောင်း စမ်းသပ်တာအပြင် Cooling ပိုင်း၊ အသံဆူညံမှု ရှိမရှိနဲ့ ကာဗွန် ထုတ်လုပ်မှု အပိုင်းတွေကိုပါ တစ်ပါတည်း စစ်ဆေးသိရှိ နိုင်မှာပဲ ဖြစ်ပါတယ်။ တကယ်တော့ အခုလိုမျိုး ဥမင် အဟောင်းကို ကားသစ် စမ်းသပ်ရာ နေရာအဖြစ် ပြန်သုံးတာ ဟာ ပထမဆုံး အကြိမ်တော့ မဟုတ်ပဲ အမေရိကန် နိုင်ငံ Pennsylvania ပြည်နယ်ရဲ့ Laurel Hill ဆိုတဲ့ ဥမင် တစ်ခုကိုလည်း ပြိုင်ကားတွေအတွက် Aerodynamic အပိုင်း စမ်းသပ် ဖို့အတွက် ၂၀၀၀ ခုနှစ် အစော ပိုင်း ကာလတွေကတည်းက စတင် အသုံးပြုခဲ့ဖူးပါသေးတယ်။ အဆိုပါ ဥမင်တုန်း ကတော့ အရှည် ၄,၅၄၁ ပေ အထိရှိတာ ဖြစ်ပြီး ယခင်တုန်းက Pennsylvania ပြည်နယ်ရဲ့အရေးပါတဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ခဲ့ တာပါ။ အဆိုပါ ပြန်လည် ပြုပြင်ထားတဲ့ ဥမင်အသစ်ကိုတော့ ၂၀၀၄ လောက်ကလည်း Indy Racing League (IRL) ကားတွေ အတွက် စမ်းသပ်ခဲ့သလို ကားတွေအနေနဲ့ အဆိုပါ ဥမင်ထဲမှာ တစ်နာရီကို မိုင် ၁၃၀ လောက် အထိ စွမ်းဆောင် မောင်းနှင်ပြနိုင်ခဲ့တယ်လို့ သိရပါတယ်။

Ref: MotorAuthority