ကမ္ဘာကျော် Pixar Animation Studios က ထုတ်လုပ်ထားတဲ့ ကာတွန်း ရုပ်ရှင်တွေထဲမှာမှ Cars ဆိုတဲ့ ပြိုင်ကား ဇာတ်လမ်းလေးကတော့ ကလေးလူကြီးအကြိုက် ထူးထူးခြားခြား ကားကောင်းလေး တစ်ပုဒ် ဖြစ်ခဲ့ပါတယ်။ အခုဆိုရင်တော့ အဆိုပါဇာတ်လမ်းထဲက ပရိသတ်ကြိုက်ခဲ့တဲ့ အဓိကဇာတ်ဆောင် ကားလေး Sally Carrera ကို လက်တွေ့ လောကထဲမှာ ကားတစ်စီးအဖြစ် မြင်တွေ့နိုင်အောင် Pixar တို့ Porsche နဲ့ ပူးပေါင်း စီစဉ်နေပါပြီ။ အဆိုပါ ကား ထုတ်လုပ်ရေး စီမံကိန်းကို အမေရိကန်နိုင်ငံ ၊ တက္ကဆက် ပြည်နယ်က Southwest Festival မှာ စတင် ကြေညာ ခဲ့တာဖြစ်ပြီး ဝမ်းသာစရာကောင်းတာကတော့ အဆိုပါ ကားလေး ကို အခုပဲ စတင်ထုတ်လုပ်နေပြီ ဆိုတာပါပဲ။ ဒါပေမယ့် အခုနှစ်ကုန်ပိုင်း လောက်အထိတော့ စောင့်ဆိုင်းရဦး မှာဖြစ်ကာ အဆိုပါ ကားလေး ထွက်ရှိလာခဲ့ရင်လည်း စီးပွားဖြစ် ရောင်းချမှာမဟုတ်ပဲ RM Sotheby’s ‌ဆီမှာ လေလံတင် ရောင်းချမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အဆိုပါ လေလံကနေ ရလာတဲ့ အကျိုးအ မြတ်တွေကိုတော့ Girls Inc. နဲ့ UNHCR ဆီ လှူဒါန်းမှာ ဖြစ်ပါတယ်။ UNHCR ကတော့ အခုက ရလာတဲ့ ငွေတွေကို ယူကရိန်းမှာရှိတဲ့ စစ်ဘေးရှောင် ကလေးတွေနဲ့ သူတို့နဲ့ ဆက်စပ်တဲ့ မိသားစု တွေ ဆီ လှူဒါန်း သွားမှာပါ။

Photo Credit: MotorAuthority

အခု စီမံကိန်းကိုတော့ Porsche နဲ့ Style Porsche တို့ ပူးပေါင်း ပြုလုပ်တာ ဖြစ်ပြီး Porsche Exclusive Manufaktur Personalization Program အဖြစ်လည်း သတ်မှတ်ထားပါတယ်။ တကယ်တော့ Cars ကာတွန်းရုပ်ရှင်ထဲက ကားလေးက ၂၀၀၂ ခုနှစ် ထုတ် 911 Carrera ကားလေးပေါ်မှာ အခြေခံ ဖန်တီးထား ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ကားလေး ကလည်း ရုပ်ရှင်ထဲမှာ တကယ့်ကို အဓိက ဇာတ်ဆောင်အဖြစ် ဆွဲဆောင် နိုင်ခဲ့တာကြောင့် ‌အဆိုပါ ကာတွန်းရုပ်ရှင်လေးအပြီး 2002 911 ကားလေးကလည်း အတော်လေး ကို ရောင်းချခဲ့ရတာပါ။ အခု လက်တွေ့ဘဝ မှာ မြင်ရတော့မယ့် အဆိုပါ ကားလေးကိုတော့ လမ်းပေါ်မှာ သာမန်အသုံးပြုနိုင်ဖို့ အတွက် ရည်ရွယ်ဖန်တီး ပေးထားမှာ ဖြစ်ပြီး ကာတွန်းရုပ်ရှင်လေးထဲက အတိုင်း နမူ နာယူထားမယ်လို့လည်း သိရပါတယ်။ ကာတွန်းထဲက အတိုင်း ကွက်တိပုံတူယူပြီး ထုတ်မှာ မဟုတ်ပေမယ့် အနီးစပ်ဆုံး ဖြစ်အောင် ဖန်‌တီးပေးမှာဖြစ်ကာ ကားကို လေလံ တင်ရင်လည်း ထုတ်လုပ်ခဲ့တဲ့ အမှတ်တရ အချိန် Timepiece လေးကိုပါ ထည့်ပေးထားမှာပါ။

Photo Credit: MotorAuthority

အဆိုပါ ကားလေးထုတ်လုပ်မှုကိုတော့ ဂျာမနီ နိုင်ငံ Zuffenhausen ဒေသ က စက်ရုံမှာ ပြုလုပ်နေတာ ဖြစ်ပြီး အဆိုပါ အစီအစဉ် အောက်မှာပဲ အခုလို ကားလေးအပြင် အခြားသော ထူးခြားတဲ့ ကားတွေကိုလည်း တစ်စီး စီသာ စနစ်တကျ ထုတ်လုပ်ပေးနေတဲ့ နေရာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အခြားသော Paint To Sample လိုမျိုး ကားအရောင်ကို စိတ်ကြိုက် ဆန်းသစ်ချင်တယ် ဆိုသူတွေ အတွက်လည်း ရအောင်လုပ်ပေး ထားပြီး ကားအသစ်တွေကိုမှ ဟိုးယခင် Classic အရသာရနိုင်အောင်လည်း ဖန်တီးချင်ရင် သေချာပြုလုပ် ပေးပါသေးတယ်။ လက်ရှိမှာတော့ Porsche က သူတို့ရဲ့ Concept ကား တစ်ချို့ကို Porsche Unseen လို့ အမည်ပေးထားတဲ့ စာအုပ်တစ်အုပ်ထဲမှာ ဖော်ပြထားပြီး အဆိုပါ Concept ကားပုံတွေထဲမှာ လွန်ခဲ့တဲ့ ၁၅ နှစ် လောက်က ကားတွေအထိ ပါဝင်ပါတယ်။ ဒါပေမယ့် အခု စာအုပ် ကိုတော့ အများပြည်သူကို ချမပြ ထားပဲ တစ်ချို့ကတော့ Vision Turismo Mid-Engine Sedan ကား ၊ 911 Vision Safari ကားနဲ့ Vision Spyder Concept ကားတွေကိုပါ ထည့်သွင်းဖော်ပြထားတယ် လို့ပြောနေကြတာပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် Concept တွေထဲ အခုတကယ် ထုတ်လုပ်နေပြီ ဖြစ်တဲ့ Cars ကာတွန်းထဲက ကားလေးကတော့ တကယ် စိတ်ဝင်စားစရာ ကောင်းနေမှာ အသေအချာပဲ ဖြစ်ပါတော့တယ်။

Ref: MotorAuthority