ရုရှားရဲ့ ယူကရိန်းနိုင်ငံကို ကျုးကျော် စစ်ဆင်နွှဲလိုက်ခြင်းရဲ့ နောက်ဆက်တွဲကတော့ နယ်ပယ်အစုံမှာ ရိုက် ခတ်မှုတွေ ကြီးမားလို့ နေပါတယ်။ ကုမ္ပဏီကြီးတွေနဲ့ နိုင်ငံကြီးတွေ အတော် များများကလည်း ရုရှားအပေါ် ပိတ်ဆို့မှုပေါင်းစုံ ပြုလုပ်နေခဲ့ပြီး ဖြစ်ကာ အခုလည်း ကားလောက ရဲ့ ကုမ္ပဏီကြီးတွေကပါ အရေးယူ ပိတ် ဆို့မှုတွေထဲ စတင် ပါဝင်လာ ခဲ့ပါပြီ။ နာမည်ကျော် ဖော်မြူလာဝမ်း ကားမောင်း ပြိုင်ပွဲကိုလည်း FIA ရဲ့ ကြေညာချက်အရ ကျင်းပဖို့ ဖျက်သိမ်း လိုက်ပြီ ဖြစ်ကာ မူလတုန်းကတော့ ရုရှားနိုင်ငံ ၊ ဆိုချီမြို့မှာ Russian Grand Prix ပွဲကြီးကို ကျင်းပဖို့ စီစဉ်ထားတာ ပါ။ အခုဆိုရင်တော့ ကား ကုမ္ပဏီ တစ်ခုချင်းစီ ကလည်း သူတို့ရဲ့ ပြတ်သား တဲ့ ရပ်တည်ချက်တွေကို ပြသလာကြတာ ဖြစ်ပြီး အဆိုပါ ကုမ္ပဏီ တွေထဲမှာတော့ Volvo Cars ၊ General Motors ၊ Volkswagen နဲ့ ဂျာမနီကုန်တင် ကား ကုမ္ပဏီ ဖြစ်တဲ့ Daimler Truck တို့ ပါဝင်လာတာဖြစ်ကာ သူတို့ရဲ့ကားသစ်တွေကို ရုရှားဈေးကွက်ထဲ ပို့ဆောင် တော့မှာ မဟုတ်ပါဘူး။
Volvo ကလည်း သူတို့ရဲ့ ကုမ္ပဏီ ကြေညာချက်ထဲမှာ ရုရှား ကားဈေးကွက်ထဲ မတင်ပို့တော့ကြောင်း ဖော်ပြ ခဲ့ကာ ယခင်ကတော့ အဆိုပါ ဈေးကွက်ထဲ အမေရိကန် ၊ တရုတ် နဲ့ ဆွီဒင် ကားစက်ရုံတွေဆီက ကားတွေကို တင်ပို့နေတာ ဖြစ်ပါတယ်။ မနှစ်ကတော့ ရုရှားဈေးကွက်ထဲ Volvo အနေနဲ့ ကားအစီးရေ ၉,၀၀၀ ဝန်းကျင် လောက် တင်ပို့ရောင်းချခဲ့ရတာပါ။ Volvo ရဲ့ XC90 နဲ့ XC60 SUV ကားတွေကတော့ ရုရှားမှာ ရောင်းအား ကောင်းပေမယ့် ကုမ္ပဏီ ဘက်ကတော့ အမေရိကန် နဲ့ အီးယူတို့ ဘက်က စီးပွားရေး ပိတ်ဆို့မှုတွေမှာ ရှိလာ တာကြောင့် အခုလို အလားတူ ပိတ်ဆို့ရတာလို့ ဆိုထားပါတယ်။ Volvo နဲ့ အတူ ထပ်မံ ပါဝင်လာတာက တော့ Volkswagen ဖြစ်ပြီး လောလောဆယ် ရုရှားက အရောင်းကိုယ်စားလှယ်တွေ ထံကိုလည်း ကားသစ် တွေ တင်ပို့မှုအကုန်လုံးကို ရပ်တန့်ထားလိုက်ပြီ ဖြစ်ပါတယ်။ Daimler Truck ကား ကုမ္ပဏီ ဆိုရင်လည်း ရုရှားရဲ့ ကုန်တင် ကားကုမ္ပဏီ Kamaz နဲ့ စီးပွားရေး ပူးပေါင်း လုပ်ဆောင်နေတာ ဖြစ်ကာ နောက်ပိုင်းမှာ တော့ အကုန်လုံး ပိတ်သိမ်းသွားမယ့် အလားအလာ ရှိနေပါတယ်။ အခု ကားမရောင်းချတော့မယ့် ပိတ်ဆို့ မယ့် ကုမ္ပဏီ စာရင်းထဲမှာတော့ အခြားသော ကားကုမ္ပဏီ တွေအဖြစ် BMW ၊ Audi ၊ Land Rover ၊ General Motors နဲ့ Citroen တို့လို ဈေးကွက်ဝယ်စု သိပ်မများတဲ့ သူတွေပါ ပါဝင်လာခဲ့တာပါ။
GM ဆိုရင် ရုရှားမှာ ကားစက်ရုံလည်း မတည်ရှိပဲ တစ်နှစ်လုံးမှ အစီးရေ ၃,၀၀၀ နီးပါးလောက်ပဲ ရောင်းရတဲ့ ကုမ္ပဏီ ဖြစ်ကာ Chevrolet Tahoe နဲ့ Cadillac XT5 တို့ လောက်ပဲ ရောင်းချတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုတော့ အဆိုပါ ကားတွေကိုပါ ဆက်လက် မရောင်းချရအောင် ပိတ်ပင်လိုက်ပါပြီ။ GM အနေနဲ့ ကတော့ အခုအချိန်မှာ ယူကရိန်းနိုင်ငံ ပြည်သူတွေနဲ့ အတူ တစ်သားတည်း ရှိနေပြီး အဆိုပါ ဒေသက လူတွေရဲ့ လုံခြုံ ရေး အတွက် အထူးစိတ်ပူနေရပါတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အခု ရက်ထဲမှာလည်း နောက်ဆက်တွဲ အဖြစ် ကားကုမ္ပဏီ အတော် များများက ရုရှား ကားဈေးကွက်ကို ပိတ်ပင်တာမျိုးတွေ ဆက် တိုက် လုပ်လာနိုင်ပါတယ်။ ကုမ္ပဏီ တွေအဖို့ သူတို့ ကိုယ်တိုင် အဖို့ ဆုံးရှုံးမှုတွေ ရှိလာနိုင်တဲ့ ကြားကကို ပိတ်ပင်လာနိုင်တာ ဖြစ်ပြီး နာမည်ကျော် Ford ဆိုရင်လည်း ရုရှား ရဲ့ စက်ရုံ ၃ ရုံ ကနေ တင် ဈေးကွက် တန်ဖိုး ၅၀% လောက် ရရှိ နေတာပါ။ ကုမ္ပဏီ ကတော့ အဆိုပါ ဒေသ တွေ အတွင်းက ဝန်ထမ်းတွေရဲ့ လုံခြုံ ရေးကိုလည်း ဦးစားပေးသွားမှာ ဖြစ်တယ်လို့ ဖော်ပြထားတာကြောင့် Volvo နဲ့ GM တို့ လောက်တော့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ မချနိုင်သေးတာ တွေ့ရပါတယ်။ သေချာတာကတော့ ယူကရိန်း နိုင်ငံ ထဲ ကျူးကျော်စစ်ဆင်နွှဲနေတာကို မရပ်တန့်သေးသ၍တော့ ရုရှားအပေါ် ကုမ္ပဏီ ပေါင်းစုံရဲ့ ပိတ်ပင်ကန့်သတ် မှုတွေ ဆက်လက် တိုးမြှင့်လာဦးမှာ ဖြစ်ပါတယ်။
Ref: carbuzz.com