လာမယ့် ၂၀၂၅ အရောက် မှာပဲ လက်ရှိ ကမ္ဘာ့အအောင်မြင်ဆုံး လျှပ်စစ်ကား ကုမ္ပဏီ ဆိုတဲ့ Tesla နေရာကို လွှဲပြောင်းယူနိုင်ဖို့ အသေအချာ ကြိုးစားနေတဲ့ General Motors ကတော့ ဖြည်းဖြည်းနဲ့ မှန်မှန် ရှေ့ဆက်လို့ နေပါတယ်။ အခုဆိုရင်တော့ အခုနှစ် နှောင်းပိုင်း လောက်မှာတင် သူတို့ရဲ့ Cadillac အမျိုးအစား လျှပ်စစ်ကားသစ် ၃ မျိုးကို ချပြ မိတ်ဆက် လာတော့မယ်လို့ ကြေငြာထားပြီး ကားသစ်တွေကိုတော့ နောက်နှစ် ၂၀၂၄ မှာ စတင် ထုတ်လုပ်လာလိမ့်မယ်လို့ သိရပါတယ်။ General Motors တို့က လာမယ့် ၂၀၂၅ အရောက်မှာတင် လျှပ်စစ်ကားသစ် အမျိုးအစားပေါင်း ၃၀ အထိ ထုတ်လုပ် နိုင်လိမ့်မယ်လို့ နှစ်အနည်း ငယ် ကတည်းက ထုတ်ဖော် ပြောဆိုထား ခဲ့ပြီး အဆိုပါ ၂၀၂၅ ကစလို့ လည်း တစ်နှစ်ကို လျှပ်စစ်ကားသစ် အစီးရေ ၁ သန်း အထိ ရောင်းချရလိမ့်မယ်လို့ ခန့်မှန်းထားတာပါ။ ကုမ္ပဏီ ရဲ့ CEO ဖြစ်သူ Mary Barra ရဲ့ ပြောကြား ချက်တွေ အရဆိုရင်တော့ အဆိုပါကားသစ် တွေထဲ တန်ဖိုးသင့် ကားတွေလည်း ပါလာမှာ ဖြစ်ကာ Tesla ရဲ့ ဈေးကွက် ဝေစုနေရာတွေကိုပါ ရယူနိုင်ဖို့ အလားအလာ ကောင်းလာ နိုင်ပါတယ်။ လက်ရှိ မှာ Tesla က ကမ္ဘာ့ ‌အအောင်မြင်ဆုံး လျှပ်စစ်ကားထုတ်လုပ်သူ ဖြစ်နေပေမယ့်လည်း ဈေးသက်သာပြီး ဇိမ်ခံ Type မဟုတ် တဲ့ကားတွေကိုတော့ ထုတ်ပေးထားခြင်း မရှိသေးတာ ဖြစ်ပါတယ်။

Photo Credit: InsideEvs

GM အနေနဲ့ ကတော့ သူတို့ရဲ့ သက်တမ်း အနည်းငယ်ရလာတဲ့ Chevrolet Bolt EV နဲ့ Bolt EV တွေကလွဲလို့ နောက်ထပ် အဆင့်မြင့် လျှပ်စစ်ကားသစ်တွေ ကိုပါ ဆက်တိုက် ချပြလာဖို့ ပြင်ဆင် နေပြန်ပါတယ်။ အဆိုပါ ကားတွေထဲကမှ ကားကြီးတစ်မျိုးဖြစ်ပြီး ဈေးလည်း ကောင်းတဲ့ GMC Hummer EV Pickup Truck ကား အပြင် ၊ ဇိမ်ခံ SUV တစ်မျိုးဖြစ်တဲ့ Cadillac Lyriq တို့ကို စတင် ထုတ်ပြထားနိုင် ခဲ့ပြီးပါပြီ။ သိပ်မကြာခင်မှာ လည်း Silverado လျှပ်စစ်ကား မျိုးကွဲကို ချပြလာနိုင်ပြီး လက်ရှိ Equinox နဲ့ Blazer SUV ကားတွေရဲ့ လျှပ်စစ်သီးသန့် မျိုးကွဲတွေကိုလည်း ချပြလာဖို့ ရှိနေပြီ ဖြစ်ပါတယ်။ အခုဆိုရင်တော့ အဆိုပါ ကားသစ်တွေ ထဲ ၂၀၂၄ လောက် အရောက်မှာ ထုတ်လာတော့မယ့် နောက်ထပ် မသိရတဲ့ကားသစ် ၃ မျိုးကို အခု နှစ်မှာ တင် မိတ်ဆက်လာတော့မှာပါ။ Cadillac ရဲ့ Global Vice President ဖြစ်သူ Ron Harvey ကိုယ်တိုင်က အတည်ပြုခဲ့တာ ဖြစ်ကာ အသေးစိတ် အချက်အလက် တွေကိုတော့ မပြောပြ ထားသေးပေမယ့် ကားသစ် တွေထဲက တစ်ချို့ကိုတော့ နိုင်ငံတကာ ဈေးကွက်အစုံအထိ တင်ပို့လာ နိုင်ပါတယ်။

Photo Credit: InsideEvs

GM အနေနဲ့ သူတို့ရဲ့ လျှပ်စစ်ကား အသစ်တွေအကြောင်း ၂၀၂၀ ကတည်းက ချပြခဲ့တာဖြစ်ပြီး အခု မြင်ထားရပြီးဖြစ်တဲ့ Cadillac Lyriq SUV နဲ့ အခုနှစ် ဒီဇင်ဘာ မှာတင် ထုတ်လုပ်လာတော့မယ့် Flagship Level Cadillac Celestiq တို့ကလည်း အပါအဝင် ဖြစ်ခဲ့တာပါ။ အဆိုပါ အချိန်ကတည်းကတော့ နောက် ထပ် Crssover အသေး အမျိုးအစား ၊ ထိုင်ခုံ ၃ တန်းပါ SUV နဲ့ အရွယ်အစားအကြီးဆုံး Full-Size SUV တွေကိုပါ စီစဉ် နေတယ် ဆိုတာကို သိခဲ့ကြရပါသေး တယ်။ အဆိုပါ ကား Model သစ် တွေအတွက် နာမည် မှတ်ပုံတင် တွေထဲမှာ Ascendiq ၊ Escalade IQL ၊ Lumistiq ၊ Optiq ၊ Symboliq နဲ့ Vistiq တို့ဆို တဲ့ နာမည်တွေကို မြင်တွေ့ထား ကြရပြီး လောလောဆယ် အထိတော့ ဘယ်နာမည်ကိုမှ အတည်မပြု ပေးထားသေးတာ ဖြစ်ပါတယ်။ လောလောဆယ် အခြေ အနေမှာတော့ Lyriq ကားသစ်မှာ ဆော့ဖ်ဝဲ ပြဿနာ တစ်ချို့ ရှိထားပြီး 2024 Model Year မတိုင်ခင် အတွက် ကားသစ် မှာယူထားတဲ့ အမှာစာ တစ်ချို့ အတွက်လည်း နောက်ကျ နိုင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ထုတ်လုပ်မှုတွေကို အရှိန်မြှင့်တင် ထားနိုင်ခဲ့ပြီး Brand အနေနဲ့ ပြီးခဲ့တဲ့ လပိုင်းမှာ တင်ပဲ အစီးရေ ၁,၀၀၀ နီးပါး အထိ ထုတ်လုပ်နိုင်ခဲ့တာပါ။ အဓိက ကတော့ အခုနှစ်ရဲ့ ပထမ ၃ လပတ် ကာလ အကုန် မှာတင် Lyriq Debut Edition မှာယူထားတဲ့ သူတွေထံကို ကားသစ်တွေ ပို့ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။

Ref: InsideEVs