နာမည်ကျော် Cadillac တို့ကတော့ InnerSpace ဆိုတဲ့ ထူးထူးခြားခြား ခေတ်လွန် Concept ကားတစ်စီးကို ချပြခဲ့ ဖူးပါတယ်။ ကားအတွင်း လူနှစ်ယောက်အနေနဲ့ ပျော်ပျော်ရွှင်ရွှင် စိတ်လွတ်ကိုယ်လွတ် လိုက်ပါ နိုင်အောင် သေချာ ‌ဖန်တီးပေးထားတာပါ။ အခုဆိုရင်တော့ အဆိုပါ ကားအတွင်းမှာ တကယ်ကို သူမတူတဲ့ အတွေ့အကြုံသစ်တွေ ရရှိခံစားနိုင်စေဖို့ အတွက် ဉာဏ်ရည်တုနည်းပညာ (AI) စနစ်ကိုလည်း ထည့်သွင်း ပေးထားတယ်လို့ သိရပါတယ်။ အဓိက အားဖြင့်တော့ ကားအတွင်းမှာ ပါဝင်လာတဲ့ ကြီးကြီးမားမား Panoramic LED Display ကြီးကနေ ကားရဲ့ Control ပေါင်းစုံနဲ့ ချိတ်ဆက်ပြီး ရုပ်ရှင်ကြည့်တာတွေ ၊ ဗီဒီယို ဂိမ်းကစားတာတွေကိုပါ အစုံလုပ်ဆောင် နိုင်ပါလိမ့်မယ်။

Photo Credit: AllAutoExperts

ဒါ့အပြင် Wellness Recover Themes ဆိုတဲ့ ဒီဇိုင်းတစ်ခုနဲ့အတူ ပင်ပန်းတဲ့ နေ့ရက်တစ်ရက်အပြီးမှာ ‌ကားအတွင်း အေးဆေး ဇိမ်ခံအပန်းဖြေနိုင်ဖို့ကိုလည်း Cadillac တို့က မျှော်မှန်းထားပါတယ်။ အဆိုပါ အရသာ အသစ်အတွက် အဓိကကျတာကတော့ သာမန်ထက် ပိုကြီးတဲ့ ဘေးမှန်တွေနဲ့ အပေါ်ဘက်အမိုးတွေဖြစ်ပြီး သွားနေတဲ့ ခရီး တစ်လျှောက် လွင့်မြောနေသလို ခံစားချက်ကိုပါ ပေးစွမ်းနိုင်ပါလိမ့်မယ်။ အဆိုပါ Concept ကားကတော့ ခပ်ရှည်ရှည်၊ ခပ်နိမ့်နိမ့် ဖြစ်ပြီး Sport ဆန်ဆန် ပုံစံမျိုးကို ပေးနိုင်ပါတယ်။ ကားမှာ သုံးထားတဲ့ Ultium ဘက်ထရီ တွေက‌လည်း တစ်နေရာတည်း စုထားတာထက် သပ်သပ်စီ ခွဲထုတ်ပေးထားပါတယ်။ အခုလို Platform Design သစ် အပိုင်းကြောင့်ပဲ InnerSpace Concept ကားရဲ့ အတွင်းခန်းကို ပိုပြီးကျယ်ကျယ်ဝန်းဝန်း ရှိသွားစေတာပဲ ဖြစ်ပါတယ်။

အနာဂတ် ခေတ်လွန် ပုံစံတွေကို မြင်ထားရတဲ့ Concept ကားလည်း ဖြစ်တာကြောင့် လောလောဆယ်မှာတော့ ထုတ်လုပ်တဲ့ အဆင့်ကို ရောက်ဦးမှာ မဟုတ်တာ သေချာပါတယ်။ ဒါပေမယ့် ကားမှာသုံးထားတဲ့ ဒီဇိုင်းပိုင်းနဲ့ နည်းပညာဆန်းသစ် မှုတွေကိုတော့ လတ်တလော ဈေးကွက်ဝင် ထုတ်လုပ်နေတဲ့ ကားတွေထဲမှာပါ အသုံး ပြုပေးလာ နိုင်ပါတယ်။ GM ရဲ့ Global Advanced Design And Global Architecture Studio ပိုင်း Executive Director ဖြစ်သူ Bryan Nesbitt ကတော့ လျှပ်စစ် ကားတွေနဲ့ အနာဂတ် မောင်းသူမဲ့ ကားတွေက အသုံးပြုသူတွေရဲ့ ကားသုံးစွဲမှု ‌ပုံစံတွေကို လုံးဝ ပြောင်းလဲသွားစေလိမ့်မယ်လို့ ခန့်မှန်း ထားတာပဲကြောင့် အခုလို ကားမျိုးတွေကို ပိုပြီးစောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

Ref: AllAutoExperts