Cadillac Escalade မူလ ကားက စတင်ထွက်ရှိလာကတည်းကနေ အခုထိ အတော်လေး အထင်ကြီးစရာ ကောင်းတဲ့ ပုံစံမျိုး ရရှိထားပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Aftermarket ထဲမှာတော့ ကားကို ပိုပြီးခန့်ခန့်ညားညား ဖြစ်သွားအောင်ရော ပုံပြောင်းသွားအောင်ပါ လုပ်နိုင်ကြတဲ့ Tuning ပိုင်းတွေ ရှိနေကြ စမြဲ ဖြစ်ပါတယ်။ အခုဆိုရင် လည်း Creative Bespoke ဆိုတဲ့ Tuning လုပ်ငန်းတစ်ခုကနေ ကားအတွက် ကိုယ်ထည်တစ်ခုလုံးစာ Custom Body Kit အသစ် ၊ ၂၆ လက်မ အရွယ် အလွိုင်းဘီးကြီးတွေနဲ့အတူ ပိုလန်းမယ့် Bespoke Edition အသစ်ကို ထုတ်ပေး လိုက်ပြန်ပါတယ်။

Photo Credit: AllAutoExperts

အခု Bespoke Edition ရဲ့ အဓိက အကျဆုံး အပြောင်းအလဲကလည်း မူလ ၂၂ လက်မ အရွယ် အလွိုင်းဘီးတွေနေရာ အစားထိုးလာတဲ့ ၂၆ လက်မ အရွယ် ဘီးအကြီးစားကြီး တွေပါပဲ။ ကားကလည်း အဆိုပါ ဘီးကြီးတွေကြောင့်ပဲ ပိုမြင့်လာသလို Air Suspension ကြောင့်လည်း ပိုပြီး မြင့်မြင့်မားမားဖြစ်လာ ခဲ့တာပါ။ ကားရဲ့ အရှေ့မှာလည်း ကားကို ပိုပြီးကြွရွနေစေမယ့် ဘန်ဘာ Extension အသစ်တွေနဲ့ LED-Lit Chrome Grille Cover တွေကိုပါ မြင်ရဦးမှာ ဖြစ်ပါတယ်။ ကားရဲ့ Body Kit အသစ်အတွက် ပိုပြီးပြည့်စုံသွား စေတာကတော့ ဘေးဘက်က Side Skirts တွေနဲ့ အနောက်ဘက်က ဘန်ဘာအကြီးစား တစ်မျိုးတို့ပဲ ဖြစ်ပါ တယ်။ အတွင်းခန်းမှာလည်း သစ်သား အစစ်အပြင် သတ္တု Accents တွေနဲ့ ပေါင်းစပ်ထားတဲ့ အပြင်အဆင်ကို မြင်ရဦးမှာဖြစ်ပြီး ထိုင်ခုံတွေမှာလည်း လယ်သာ Upholstery တွေက အတော်လေး သီးသန့်ဆန်တာ တွေ့ရပါတယ်။ ကားရဲ့ အမိုးကလည်း အတော်လေး ကြီးမားတဲ့ Panoramic Sunroof ဖြစ်ပြီး Digital Cockpit နဲ့ Super Cruise စနစ်တို့ကလည်း အခုကားရဲ့ Premium Luxury ဆန်တယ်ဆိုတဲ့အချက်ကို ပြသပေးနေပြန်တာ ဖြစ်ပါတယ်။

Photo Credit: AllAutoExperts

အခု Bespoke Edition အသစ်ကိုတော့ 2022 Model ပေါ်မှာ အခြေခံဖန်တီးထားတာဖြစ်ပြီး ၈,၈၀၂ မိုင်ခန့် မောင်းနှင်ပြီးတဲ့ ကားတစ်စီးကို အသုံးပြုထားတာ လည်း ဖြစ်ပါတယ်။ ကားမှာတော့ 6.2 Liter V8 အင်ဂျင်ကြီး ပါဝင်တာကြောင့် 420 hp နဲ့ 459 lb-ft Torque အထိ ကို စွမ်းဆောင် နိုင်ကာ 10-Speed Automatic Transmission ဂီယာ ကလည်း အတော်လေး အားဖြည့်ပေးနိုင်ပါလိမ့်မယ်။ အခု Package အသစ်အတွက် ဈေးနှုန်းကတော့ Creative Bespoke Website မှာ ဖော်ပြထားချက်အရ $ 155,800 အထိ ရှိနေတာပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts