တကယ်တမ်း မထုတ်လုပ် ဖြစ်သေးတဲ့ ကားပုံကြမ်း ခပ်လန်းလန်းတွေကို ဖန်တီး ကြည့်တဲ့ နေရာမှာတော့ GM Design Center က နာမည် ရထားပါတယ်။ အခုဆိုရင်လည်း နှစ်ပေါင်း ၁၀ စုနှစ် တစ်ခုလောက် အတွင်းမှာတောင် လုံးဝမရှိ ဖူးသေးတဲ့ ခပ်ပါးပါး ပြားပြား ၊ အမိုးဖွင့် Sports ကား တစ်စီးကို ဖန်တီး ကြည့်လိုက်တာတွေ့ရပြီး အတော်လေးလည်း ကြည့်ကောင်းနေတာ ဖြစ်ပါတယ်။ အဆိုပါ ပုံကြမ်းထဲက ကားကိုတော့ Cadillac XLR ဆိုတဲ့ ၂၀၀၄ ကနေ ၂၀၀၉ အထိ ထွက်ရှိခဲ့ဖူးတဲ့ Chevrolet Corvette C6 အခြေပြု Sports Coupe ကားပေါ် မူတည်ကာ ဖန်တီးထားခဲ့တာပါ။ အဆိုပါ ကားကလည်း Cadillac ရဲ့ ကားတွေထဲ နောက်ဆုံး မြင်ခဲ့ရတဲ့ အမိုးဖွင့် ကားတစ်စီးဖြစ်လာ ခဲ့ဝာာပါ။ ဒါပေမယ့် တစ်ခု ရှိတာကတော့ အခုခန့်မှန်းရေးဆွဲထားတဲ့ ပုံကြမ်းက အဆိုပါ Cadillac XLR ရဲ့ မျိုးဆက်နေရာ တိုက်ရိုက် အစားထိုး ဝင်ရောက်လာနိုင်ပေမယ့်လည်း မသေချာသေး ဖြစ်နေတာပါ။

Photo Credit: motor 1.com

အခုပုံထဲမှာ မြင်နေရတဲ့ ဒီဇိုင်းပုံကြမ်းကိုတော့ GM Design Center ကိုယ်တိုင်က Instagram Official Account ကနေချပြထားတာ ဖြစ်ပါတယ်။ အဆိုပါကားပုံကြမ်းအရတော့ အနောက်ဘက်မှာ လေးထောင့် ကျကျ ထောင့်ပုံစံလေးတွေ ဖန်တီးပေးထားပြီး Cadillac ရဲ့ လက်ရှိ ဒီဇိုင်းကိုပဲ ဆက်ပြီးမှီငြမ်းထားတာ တွေ့ရပါတယ်။ အထူးသဖြင့် Cadillac Lyriq နဲ့ Celestiq EV တွေမှာ မြင်ထားရတဲ့ ‌ဒေါင်လိုက် Taillamps တွေကို ပြန်သုံးထားတာ ဖြစ်ပြီး ကျန်တဲ့ ကားဒီဇိုင်းပိုင်းတွေကတော့ အမြင်အတော်လေး လှစေမယ့် ခေတ်လွန် အသွင်အပြင်တွေ ဖြစ်နေတာ ပါပဲ။

Photo Credit: motor 1.com

တကယ်တော့ အခုလိုမျိုး Cadillac Sports ကားလို ကားတစ်စီးကို GM Design Center က ချပြလာတာဟာ ပထမဆုံး အကြိမ်တော့ မဟုတ်တော့ပါဘူး။ အခုနှစ် အစောပိုင်းတုန်းကလည်း C8 Corvette လို ပုံစံမျိုး Widebody ဆန်ဆန် ကိုယ်ထည် ကားတစ်မျိုးကို ဖန်တီး ပြခဲ့ဖူးပါသေးတယ်။ ဒါပေမယ့် အစောပိုင်းကတည်းက ဖော်ပြခဲ့သလိုပဲ XLR ရဲ့ မျိုးဆက်သစ် ကားအဖြစ် ထွက်ပေါ်လာဖို့က ‌မသေချာ မရေရာ အခြေအနေမှာပဲ ရှိနေသေးတာပါ။ လက်ရှိမှာလည်း လျှပ်စစ်ကား အနာဂတ်အတွက်ကိုပဲ အာရုံစိုက်နေတဲ့ Cadillac တို့က အမိုးဖွင့်ကားကို သဘောကျလို့ ဖန်တီးချင်ခဲ့ရင် တောင် အချိန်တစ်ခုတော့ စောင့်ကြည့် ရဦးမယ့် သဘောပဲ ဖြစ်ပါတယ်။

Ref: motor 1.com