Cadillac ကတော့ Celestiq လို့ အမည်ရမယ့် တကယ့်ခေတ်မှီ နည်းပညာတွေနဲ့ Flagship အရသာ ကိုပေါင်းစပ်ပေးထားတဲ့ ကားတစ်စီးကို ဖန်တီးနေခဲ့တာ ကြာပြီ ဖြစ်ပါတယ်။ အခုဆိုရင်တော့ GM ရဲ့ Ultium Electric Platform ပေါ်မှာ တည်ဆောက်ထားတဲ့ အဆိုပါ ကားကိုတော့ ပြီးခဲ့တဲ့ သောကြာနေ့မှာတင် တရားဝင် ချပြနိုင်ခဲ့ ပါပြီ။ အခုမြင်ရတဲ့ ကားကတော့ တရားဝင် နမူနာကားဖြစ်ပြီး ထုတ်လုပ်တဲ့ အဆင့်ကားကတော့ 2025 Model အနေနဲ့ လာမယ့် ၂၀၂၄ ရောက်မှ ရောင်းချမှာ ဖြစ်ပါတယ်။ အဆိုပါကားကလည်း အခုမြင်ရတဲ့ကားနဲ့ တစ်ထပ်တည်းနီးပါး တူညီနေတော့မှာမို့ သိပ်ပြီးအပြောင်းအလဲ မရှိနိုင်တော့ပါဘူး။ အခု မြင်ရသလောက်ကတော့ Cadillac က အခု ကားသစ်ကို ယခင် CT6 Flagship Sedan ကားနေရာမှာ သာမန် အစားထိုး လောက်ရုံပဲ မဟုတ်ပဲ Rolls-Royce တို့ Bentley တို့လို ဇိမ်ခံကားကြီးတွေနဲ့ ဈေးနှုန်းတူ ဈေးကွက်တူ တစ်ပြိုင်တည်း ယှဉ်နိုင်ဖို့ကို ကြိုးစား ပြင်ဆင်လိုက်တာ ဖြစ်ပါတယ်။ သတင်းတွေ အရတော့ အခု ကားသစ်ရောင်းမယ်ဆိုရင် ဈေးက $ 300,000လောက်က နေကို စတင်လာ နိုင်မယ်လို့ ဖော်ပြနေကြပါတယ်။

Photo Credit: MotorAuthority

ဒီ ဈေးတန်း ဒီဈေးကွက်ထဲမှာတော့ အခြားသော ဇိမ်ခံကား အဟောင်းတွေဆီက အရသာမျိုးတွေ မြင်ရတော့မှာ မဟုတ်ပဲ ခေတ်မှီဒီဇိုင်းနဲ့ နောက်ဆုံးပေါ် နည်း ပညာတွေ ပေါင်းစပ်ပေးထားတဲ့ကားအဖြစ် မြင်တွေ့ရမှာပါ။ ဒါ့အပြင် ကားအမိုးကလည်း ယာဉ်မောင်းအတွက်ရော ခရီးသည်တွေအတွက် အပေါ်ကို လွတ်လွတ် လပ်လပ် မော့ကြည့်နိုင်မယ့် ဖန်သား အမိုးအကြည်ကို ထည့်ပေးထားတာဖြစ်ပြီး ၅၅ လက်မအရွယ် Dashboard အပြည့် Digital Display ကြီးကလည်း စွဲမက်ဖွယ် ဖြစ်နေပါတယ်။ ထူးခြားတာကတော့ ခရီးသည် ဘက်ကတစ်ခုခု ကြည့်နေတဲ့ အချိန် ယာဉ်မောင်းဘက်ကို အလိုအလျောက် မှောင်ပေးထားခြင်းဖြင့် ယာဉ်မောင်း အာရုံမပျံ့ အန္တရာယ်မဖြစ်အောင် ဖန်တီးပေးထားနိုင်ပါတယ်။ အခုကားသစ်မှာတော့ GM ရဲ့ အသစ်လာမယ့် Ultra Cruise မောင်းသူမဲ့ ယာဉ်အကူ နည်းပညာလည်း ရလာမယ်လို့ ကုမ္ပဏီဘက်က ဆိုထား ပါတယ်။ အဆိုပါ နည်းပညာသစ်ကတော့ လက်ရှိ အမေရိက ရဲ့ ၉၅% သော လမ်းမတွေထက်မှာ အသုံး ပြုနိုင်ပြီ ဖြစ်ပြီး နေရာအတော်များများမှာ လုံးဝထိန်းချုပ် မောင်းနှင်စရာ မလိုပဲ မောင်းသူမဲ့စနစ် သုံးနိုင်မယ့် နည်းပညာပါပဲ။ လက်ရှိ Super Cruise စနစ်လိုပဲ Ultra Cruise စနစ်ကလည်း အရေးပေါ် လိုအပ်တဲ့ အချိန်တွေမှာတော့ယာဉ်မောင်း တစ်ယောက်ရှိနေဖို့ လိုပါသေးတယ်။ တကယ်လို့ အရေးပေါ် မထိန်းနိုင်ခဲ့ဖူး ဆိုရင် အလိုအလျောက် စနစ် ပိတ်ချသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်အဆိုပါ စနစ်ကတော့ Level 2 အဆင့် မောင်းသူမဲ့ စနစ်အနေနဲ့ပဲ သုံးလို့ရမှာဖြစ်ပြီး ဒီထက် ပိုမြင့်မှသာ လုံးဝအပြည့် အဝ မောင်းသူမဲ့စနစ် ဖြစ်လာမှာ ပါ။ အထင်ကြီးစရာ ကောင်းတဲ့ အသေးစိတ် အပြင်အဆင်တွေကို ကြည့်မယ် ဆိုရင်တော့ Celestiq ကားက သာမန် ထုတ်လုပ်ထားတဲ့ အဆင့်ထက်စာရင် သီးသန့်ဖန်တီးထားတဲ့ အထူးထုတ်ဇိမ်ခံ Coach Built ကားတစ်စီး လို့တောင် ဆိုလို့ ရပါတယ်။ အခု ကားကို ဖန်တီးခဲ့တုန်းကလည်း ဒီဇိုင်းအဖွဲ့ အနေနဲ့ယခင် V16 Engine နဲ့ အစောပိုင်း Cadillac ကားတွေလိုမျိုး Bespoke Options တွေကို သေချာလေ့လာ မှီငြမ်းခဲ့ရပြီး ၁၉၅၀ ခုနှစ်တွေဆီက Eldorado Brougham လို ကားတွေရဲ့ ပုံစံကိုလည်း လေ့လာခဲ့ရပြန်ပါသေးတယ်။

Photo Credit: MotorAuthority

အခု ကားသစ် ထုတ်လုပ်ဖို့အတွက် GM ရဲ့ မီချီဂန် ပြည်နယ် ၊ Warren မှာရှိတဲ့ Global Technical Center မှာ Cadillac တို့က ဒေါ်လာ ၈၁ သန်းအထိ ရင်းနှီး မြုပ်နှံထားတာဖြစ်ပြီး ယခင်ကတည်းက ကားတွေအတူတကွ ဖန်တီးခဲ့ကြတဲ့စက်ရုံလည်းဖြစ်ကာ အခုဆိုရင်တော့ ဘက်ထရီသုတေသနစင်တာ အဖြစ်ပါ တိုးချဲ့ ထားပါတယ်။ အခု ရင်းနှီး မြုပ်နှံမှုတွေကိုတော့ 3D ပရင်တာတွေလိုမျိုး အရေအတွက် အကန့်အသတ် ထုတ်လုပ်တဲ့နေရာမှာ သုံးစွဲမှာဖြစ်ပြီး ကား အနေနဲ့ ကတော့ စက်ရုံကနေ တစ်ရက်ကို ၁.၂ စီး နှုန်းပဲ ထုတ်လုပ်နိုင်မှာဖြစ်လို့ တစ်နှစ်ကို အစီး ၅၀၀ ပဲ သီးသန့် သဘောမျိုး ထုတ်ပေးနိုင်မှာပါ။ စက်ပိုင်းဆိုင်ရာတွေ အနေနဲ့ တော့ နဂိုသတင်းတွေ ထွက်ထားတဲ့ အတိုင်း All-Wheel Drive နဲ့ All-Wheel စတီယာတိုင်တွေ ပါဝင်လာမှာဖြစ်ပြီး GM ရဲ့ Ultium Platform ကြောင့်လည်း တစ်ခါ အားသွင်းထားရုံ နဲ့ မိုင် ၄၀၀ ကျော် မောင်းနိုင်သလို စွမ်းဆောင်ရည်ကလည်း 1,000 hp အထိကို ရှိလာမှာပါ။ အခုနှစ် နှောင်းပိုင်းလောက် မှာ ထုတ်လုပ်မယ့် အဆင့် Celestiq ရဲ့ အသေးစိတ် အချက်အလက် တွေကိုတော့ ကုမ္ပဏီဘက်က သီးသန့် ချပြမိတ်ဆက်သွား ဦးမှာပဲဖြစ်လို့ စောင့်ကြည့်ရဦး မှာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority