Cadillac ကတော့ လာမယ့် ဇူလိုင် ၂၂ မှာ မိတ်ဆက်မယ့် သူတို့ရဲ့ နောက်ဆုံးပေါ် Celestiq ကားသစ်ရဲ့ ရင်ခုန် စိတ်လှုပ်ရှားစရာ ပုံရိပ်တစ်ပိုင်း တစ်စတွေကို Teaser တွေ အဖြစ်  မိတ်ဆက် ပေးလာ ခဲ့ ပါတယ်။ အခု ကား ကတော့ ဆယ်စုနှစ် နဲ့ အညီ စောင့်ခဲ့ရတဲ့ Cadillac ရဲ့ Flagship ကားကောင်း တစ်စီးဖြစ်ပြီး အခုမြင်ရတဲ့ ပုံတွေအရ ခန့်မှန်းရရင်တော့ အရင်လို သာမန် Notchback Sedan ထက်စာရင် Hatchback ကားတစ်စီး ဖြစ်လာဖို့ ရှိနေပါတယ်။ ဒီဇိုင်းကတော့ 2023 Cadillac Lyriq နဲ့ သဘောတရား အတူတူပဲ ဖြစ်ပေမယ့် အခုကားကတော့ ပိုဝံ့ကြွားတဲ့ ပုံစံ ဖြစ်လာမှာပါ။ ဒါပေမယ့် တစ်ခုရှိတာက အခုလထဲ မြင်ရတဲ့ ကားဒီဇိုင်းက တရားဝင် Concept အဆင့်သာ ရှိသေးတာ ကြောင့် တကယ်ထုတ်လုပ် ဖြစ်မယ့် ၂၀၂၃ နှောင်းပိုင်း လောက်ကျရင်တော့ အပြောင်းအလဲတစ်ချို့ ရှိလာ နိုင်ပါသေး တယ်။

Photo Credit: MotorAuthority

ကားကတော့ လျှပ်စစ် ကားသစ်တွေ အတွက် သီးသန့်ဖန်တီးထားတဲ့ GM ရဲ့ Ultium Platform ပေါ်မှာ အခြေခံ ဖန်တီးထားမှာဖြစ်ပြီး အခု ကားကိုတော့ သာမန်ထက်ထူးအောင် လက်မှုပညာပိုင်းနဲ့ အနုစိတ် ဖန်တီးသွားမှာပါ။ ဒါကြောင့် ထုတ်လုပ်မှုပိုင်းကလည်း သီးသန့်ဆန်ပြီး တစ်ရက်ကို အစီးရေ ၁.၂ စီးလောက် ပဲ ထုတ်ပေးနိုင်မှာ ဖြစ်ကာ နှစ်စဉ် အစီးရေ ၅၀၀ အောက်လောက်ပဲ ဖြစ်နိုင်ပါတယ်။ အခုလို ထုတ်လုပ်မှုတွေကို အဆင်ပြေစေဖို့ အတွက် Cadillac တို့က အမေရိကန် ၊ မီချီဂန် ပြည်နယ်ထဲက Warren မှာ ရှိတဲ့ GM ရဲ့ Global Technical Center မှာ ဒေါ်လာ ၈၁ သန်း ပမာဏလောက်ကို ရင်းနှီး မြုပ်နှံထားပါသေး တယ်။ အဆိုပါ ငွေကြေးပမာဏ တွေထဲက အများအပြား ကတော့ 3 D Printer လိုမျိုး ထုတ်လုပ်တဲ့ အပိုင်းတွေအတွက် အဓိက သုံးမှာ ဖြစ်ပါတယ်။ ဒီ အခြေ အနေတွေကြောင့် ကားသစ်ရဲ့ ဈေးကလည်း သာမန် Cadillac တွေထက် ပိုများနိုင်ပြီး Bentley နဲ့ Rolls-Royce တို့ရဲ့ သီးသန့်ဆန် မှုလောက်ကိုရှိလာ နိုင်ပါ တယ်။ ခန့်မှန်းချက်တွေ အရတော့ ကား က $ 300,000 လောက်က နေကို စတင်လာနိုင်မယ် လို့ သိရပါတယ်။

Photo Credit: MotorAuthority

အခု Ultium Platform ကြောင့် စွမ်းဆောင်ရည် ကောင်းမှာ သေချာပြီး အဆိုပါ Platform သုံးထားတဲ့ 2022 GMC Hummer EV ဆိုရင် 1,000 hp အထိ ရှိသလို 2024 Chevrolet Silverado EV မှာဆိုရင် တစ်ခါ အားသွင်းထားရုံ နဲ့ မိုင် ၄၀၀ အထိကို မောင်းနှင် နိုင်တာပါ။ ဒါ့အပြင် အခု ကားသစ် မှာတော့ ယာဉ်မောင်းနဲ့ ခရီးသည်တွေအကြား သီးသန့် ဆန်တဲ့ အရသာကို ခံစားပေးစေနိုင်မယ့်  Four-Panel Glass လို နည်းပညာမြင့်မှန်တွေ ၊ Dashboard အပြည့် ဖြစ်လာ မယ့် Screen လည်း ပါလာဦးမှာ ဖြစ်ပါတယ်။ အဆိုပါ Screen မှာ ထူးခြားတာ တစ်ခုကတော့ ခရီးသည်ဘက်က ကြည့်ချင်တာ ကြည့်နေရင်တောင် ယာဉ်မောင်းဘက်ကို အနှောင့်အယှက် မပေးနိုင်ဖို့အတွက် ယာဉ်မောင်းဘက် Screen ကို အလိုအလျောက် မှိန်ပေးထားတာမျိုး ဖြစ်နိုင်ပါတယ်။ အခုကားမှာ နောက်ထပ် မျှော်လင့်ချင်စရာ ကောင်းတာ ကတော့ GM ရဲ့ Ultra Cruise Autonomous Driver Assist နည်းပညာပိုင်းပါပဲ။ အခုစနစ်က အမေရိက လမ်း တွေရဲ့ ၉၅% လောက်ကို ကောင်းကောင်း အလုပ်လုပ်နိုင်ပြီလို့ ကုမ္ပဏီဘက်က ဆိုထားပြီး တကယ်သာ အလုပ် ဖြစ်ခဲ့ရင် အမေရိကမှာပဲ ဒီကားကို မောင်းတဲ့ အခါ လူကိုယ်တိုင် သိပ်တောင်ထိန်းချုပ်စရာ မလိုတော့မယ့် အထိပါပဲ။ ဒါပေမယ့်လည်း လက်ရှိ Super Cruise စနစ်လိုပဲ လိုအပ်တဲ့ အခါမှာတော့ ယာဉ်မောင်း အဆင်သင့် ရှိနေသင့် သေးတဲ့ အချက်ကြောင့် SAE သတ်မှတ်ချက်အရ မောင်းသူမဲ့ အဆင့် ၂ မှာပဲ ရှိနေဦးမှာပါ။ အဆိုပါ အဆင့် ၂ ထက် ကျော် အောင် သတ် မှတ်ပေးဖို့ ဆိုရင်တော့ ယာဉ်မောင်းက စိတ်အေးလက်အေး အိပ်နေလို့ရတဲ့ အထိ မောင်းသူမဲ့ စွမ်းဆောင် ပေးနိုင်တာမျိုးမှသာရနိုင်မှာ ဖြစ်ပါတယ်။

Ref: MotorAuthority