BYD ကား ကုမ္ပဏီကြီး အနေနဲ့ အဆင့်မြင့် လျှပ်စစ်ကား Brand အခွဲတစ်ခုဖြစ်တဲ့ Yangwang ကို စတင် မိတ်ဆက် လိုက်ချိန်ကစလို့ လမ်းကြမ်း SUV ကားလောက အတွက် ထူးထူးခြားခြား ကားတစ်စီးကိုတော့ စတင် ယူဆောင်လာ နိုင်ခဲ့ပါပြီ။ ဘယ်လို လမ်းကြမ်းမျိုးမှာမဆို မောင်းနိုင်မယ့် ကားတစ်စီးကို Yangwang ဆီက မြင်တွေ့ရမှာဖြစ်ပြီး Yangwang R1 လို့ အမည်ပေးထားတဲ့ ဇိမ်ခံ SUV ကားပဲ ဖြစ်ပါတယ်။
ကားသစ် ကတော့ လတ်တလောမှာ အပြင်ပိုင်းကို စတစ်ကာတွေ အပြည့်အုပ်ပြီး ကာထားသေးပေမယ့် ကားရဲ့ အတွင်းပိုင်းမှာ ဘယ်လို အခြေခံတွေ သုံးထားတယ် ဆိုတာကတော့ မြင်သာစေပါတယ်။ အခုဆိုရင် တော့အဆိုပါ စိတ်ဝင်စားစရာ ကားအတွက် ဒီဂျစ်တယ် ပုံရိပ်ကြမ်းတစ်ချို့ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပြီး SUV ရဲ့ လေးထောင့်ကျတဲ့ ပုံစံနဲ့အတူ ကိုယ်ထည်အမြင့်နဲ့ အရှေ့ အနောက် ခေါင်းတို နောက်တို ပုံစံမျိုးတွေ ကိုလည်း တိတိကျကျ ပုံပေါ်လာ စေပါတယ်။အခု မြင်ရတဲ့ ဒီဂျစ်တယ် ပုံရိပ်ကြမ်းတွေထဲမှာ ဆိုရင်တော့ ကားရဲ့ အရှေ့ဘက် အမိုးထိပ် တည့်တည့်က Lidar Sensor ၃ ခုကိုပါ တိတိကျကျ ထည့်ပေးထားပြီး Yangwang ရဲ့ Logo ကိုတော့ အရှေ့ဘက် Grille မှာ ထင်ထင်ရှားရှား ထည့်ပေးထားပါတယ်။ ကားမှာ ပါဝင်လာမယ့် LED Daytime Running Lights မီးရောင် တွေကိုတော့ Dot Matrix Design နဲ့ ခပ်ဆန်းဆန်း ဖန်တီး ပြထားတာပါ။ အခု ကားကိုတော့ ၅ ယောက် စီး အနေနဲ့ရော ၇ ယောက်စီးအနေနဲ့ပါ ပုံစံအစုံနဲ့ ထုတ်လုပ်ပေးလာ လိမ့်မယ်လို့လည်း သိထား ရပါသေးတယ်။

Photo Credit: AllAutoExperts

အခု ကား ဈေးကွက်ထဲ ရောက်ပြီ ဆိုရင်တော့ လျှပ်စစ်သီးသန့် အနေနဲ့ရော Plug-In Hybrid ကားအနေနဲ့ ပါ ရနိုင်မှာဖြစ်ပြီး စွမ်းဆောင်ရည်ကတော့ 650 hp လောက် အထိ ရှိလာလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ ကားသစ် တိုင်းကတော့ ဘယ်အမျိုးအစားပဲ ဖြစ်ဖြစ် Four-Wheel Drive အနေနဲ့ ပွဲထုတ်လာမှာ ဖြစ်ကာ  ဘေးတိုက် မောင်းနိုင်မယ့် Crab Mode ကိုလည်း အဆင့်မြင့် Model တွေမှာ ထည့်ပေးထားမှာ ဖြစ်လို့ လမ်းကြမ်းပိုင်းတွေ အတွက် အတော်လေး တိကျကောင်းမွန်စေမှာ သေချာပါတယ်။ Yangwang R1 SUV အနေနဲ့ ဈေးကွက်ထဲ စတင် မိတ်ဆက်ပြီ ဆိုရင်တော့ $ 111,000 လောက်ကနေ စတင်လာလိမ့်မယ်လို့ ယူဆရနိုင်ပြီး တရုတ်ကုမ္ပဏီကြီး BYD ထုတ်လုပ်ခဲ့ဖူးသမျှ ဈေးအမြင့်ဆုံး ကားတစ်စီးလည်း ဖြစ်သွား နိုင်ပါသေးတယ်။

Ref: AllAutoExperts