တရုတ် နိုင်ငံရဲ့ Plug-In Hybrid လျှပ်စစ် ကားထုတ်လုပ်ရေး ကုမ္ပဏီ BYD ကတော့ ကားထုတ်လုပ်တဲ့ နှုန်းတွေကို အရှိန်အဟုန်ကောင်းကောင်းနဲ့ ထုတ်လုပ် နေတာဖြစ်ပြီး အခုဆိုရင် ပိုကြီးလာဖို့တောင် ရည်ရွယ်နေပါပြီ။ ပြီးခဲ့တဲ့ ဇွန်လ တစ်လ တည်းမှာတင် ကုမ္ပဏီက Plug-In ကားအစီးရေ ၁၃၄,၀၀၀ စီးအထိ ရောင်းခဲ့ရပြီး လွန်ခဲ့တဲ့ တစ်နှစ်လောက်က အခြေအနေနဲ့ယှဉ်ရင် ၃ ဆ လောက်ကို တိုးတက်လာခဲ့ကာ မေလ ထက်စာရင်ကိုပဲ အစီးရေ ၂၀,၀၀၀ လောက် ပိုများ လာပါတယ်။ ကုမ္ပဏီရဲ့ ဥက္ကဌ ဖြစ်သူ Wang Chuanfu ကတော့ ကုမ္ပဏီရဲ့ လျှပ်စစ်စွမ်းအင် သုံးနည်းပညာ တွေက ခန့်မှန်းထားတာထက် အတော်လေးကို လျှင်လျှင်မြန်မြန် တိုးတက်လာနေပြီလို့ ဆိုထား ပါတယ်။ တရုတ် မီဒီယာတွေရဲ့ ဖော်ပြချက်အရတော့ ကုမ္ပဏီဟာ တစ်လကို ကားအစီးရေ ၃၀၀,၀၀၀ လောက် အထိ ထုတ်လုပ်လာ နိုင်တော့မယ်လို့သိရပြီး လာမယ့်ဩဂုတ်လောက်မှာ စတင်လာနိုင်ပါတယ်။ ဒီအတိုင်းသာဆိုရင်တော့ BYD ရဲ့ တိုးတက်လာနှုန်းကတကယ် ကို အံ့အားသင့်ဖွယ် ကြောက်စရာ ကောင်းလာမှာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၁ တစ်နှစ် လုံးမှာမှ ကားအစီးရေ ၆၀၀,၀၀၀ အောက်သာ ရောင်းချခဲ့ ရတာလည်း ဖြစ်ပါ တယ်။ ဒါ့အပြင် ကားကုမ္ပဏီ အနေနဲ့ စက်ရုံ အသစ်တွေကိုလည်း ဆက်လက် ဖန်တီးလာ နိုင်သေးတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး လက်ရှိမှာတော့ Shenzhen ၊ Xi’an ၊ Changsha ၊ Changzhou ၊ Fuzhou နဲ့ Hefei စတဲ့  တရုတ်ပြည်ရဲ့ ဒေသ ၆  ခုမှာ စက်ရုံ ၆ ရုံ နဲ့လည်ပတ်နေပါတယ်။

Photo Credit: InsideEvs

အဆိုပါ စက်ရုံ တွေထဲကမှ Hefei စက်ရုံကတော့ ပြီးခဲ့တဲ့ ဇွန်လ ကမှ စတင်လည်ပတ်ထားတဲ့ စက်ရုံအသစ်ဖြစ်ပြီး Changsha စက်ရုံကတော့ အခုနှစ်ထဲ ၂ လ လောက် ရပ်နားခဲ့တာကနေ အခု ဇွန် လအစောပိုင်းမှာ ပြန်လည် လည်ပတ် လာခဲ့တာ ဖြစ်ပါတယ်။ Fuzhou စက်ရုံကတော့ ယခင်တုန်းက မအောင်မြင်ခဲ့တဲ့ Dorcen Motor ရဲ့ စက်ရုံကို ပြန်ယူထားတာ ဖြစ်ပြီး သာမန်အင်ဂျင်တွေနဲ့ ထုတ်တဲ့ စက်ရုံအဖြစ်ကနေ Plug-In လျှပ်စစ်ကားတွေကို ဆက်လက် ထုတ်လုပ်မှာ ဖြစ်ပြီး တစ်နှစ်ကို အစီးရေ ၂၀၀,၀၀၀ လောက် ထုတ်ပေးနိုင်ဖို့ စီစဉ်ထားပါတယ်။ BYD Dolphin ဆိုတဲ့ ကားအသစ် ကိုတော့ အခုနှစ် နှောင်းပိုင်းမှာပဲ အဆိုပါ စက်ရုံမှာ ထုတ်ပေးနိုင်မယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် အဆိုပါ စက်ရုံတွေထဲက တစ်ချို့မှာ ဆိုရင် Plug-In ကားတွေကို စတင် မထုတ်လုပ်နိုင်သေးပဲ Zhengzhou ၊ Jinan နဲ့ Xiangyang စက်ရုံတွေမှာ နောက်ထပ် ကားထုတ်လုပ်ရာ နေရာ ၃ နေရာကို တိုးချဲ့နေပြန်ပါတယ်။ အဆိုပါ စက်ရုံတွေ ထဲက  အသစ် ၂ နေရာကိုတော့ လာမယ့် ၂၀၂၂ အစောပိုင်း လောက်မှာ စတင်လည်ပတ် လာလိမ့်မယ်လို့ ခန့်မှန်း ရပါတယ်။

Photo Credit: InsideEvs

အခု ထွက်ပေါ်ထားတဲ့ သတင်းတွေ ဘယ်လောက် အထိ မှန်ကန်တိကျ နိုင်မလဲဆိုတာကို အတည်မပြုနိုင် သေးပေမယ့်လည်း စက်ရုံတွေမှာ BYD တို့ ကြီးကြီး မားမား ရင်းနှီးမြုပ်နှံ နေတယ် ဆိုတာတော့ သေချာတာကြောင့် မကြာခင်မှာပဲ ခန့်မှန်းထားတဲ့ ထုတ်လုပ်မှု ပမာဏကို တကယ်ရောက်လာ နိုင်ပါတယ်။ ဒါပေ မယ့် သတင်းတွေ အတိုင်း အခုလာမယ့် ဩဂုတ် မှာတင် အစီးရေ ၃၀၀,၀၀၀ ကို လစဉ်ထုတ်လုပ် နိုင်မှာလား ဆိုတာတော့ သိပ်အရေးမကြီးပဲ အရေးကြီးတာက တော့ တကယ်ကို တိုးတက် ထုတ်လုပ်လာနိုင် ဖို့ပါပဲ။ ပိုအရေးကြီးတာ ကတော့ မဝေးတော့တဲ့ အနာဂါတ် မှာတင် အစီးရေ သန်းနဲ့ ချီ ရှိလာမယ့် BYD ကုမ္ပဏီ ရဲ့ Plug-In လျှပ်စစ် ကားတွေပါပဲ။ ပုံမှန် အားဖြင့်တော့ BYD ကုမ္ပဏီ ရဲ့ ရောင်းအားတွေထဲမှာ လျှပ်စစ်သီးသန့်နဲ့ Plug-In Hybrid တွေက အတူတူ လောက် ရောင်းရတာကြောင့် ရောင်းအားတွေပါ ထပ်တက်လာဦးမှာတော့ သေချာနေပြီပဲ ဖြစ်ပါတယ်။

Ref: InsideEvs