လျှပ်စစ် ကားခေတ်‌တစ်ခေတ်အကြောင်းကို ပြောတော့မယ် ဆိုရင်တော့ လောလောဆယ် အနေအထားမှာ တရုတ် နိုင်ငံရဲ့ ဈေးကွက် အခြေအနေက အကောင်းဆုံး ဦးဆောင်ထားတာကို တွေ့ရမှာပါ။ အခုဆိုရင်တော့ တရုတ်ရဲ့ နာမည်ကျော် ကားကုမ္ပဏီကြီး ဖြစ်တဲ့ Build Your Dreams (BYD) ကလည်း သူတို့ရဲ့ သာမန် Combustion Engine သုံး ကားတွေ ထုတ်လုပ်မှုကို လုံးဝရပ်တန့်ပြီး လျှပ်စစ်ကားတွေချည်းပဲ စတင်‌ ထုတ်လုပ်တော့မှာ ဖြစ်ပါတယ်။ လျှပ်စစ် ကားကုမ္ပဏီတွေလည်း ထိပ်တန်းဖြစ်နေတဲ့ နာမည်ကျော် Tesla တို့ကလည်း တရုတ်ပြည်တွင်းက လျှပ်စစ်ကား ကုမ္ပဏီ များစွာနဲ့အတူ အရှေ့တိုင်းရဲ့ လျှပ်စစ်ကားဈေးကွက် ကို ဖြည့်ဆည်း ပေးလာနေပါတယ်။ လက်ရှိမှာတော့ တရုတ် ဈေးကွက်ထဲမှာ ဆိုရင် BYD က အကြီးဆုံး ကုမ္ပဏီကြီး တစ်ရပ်လည်းဖြစ်ပြီး ပြီးခဲ့တဲ့ လပိုင်းမှာတင် နိုင်ငံတွင်း လျှပ်စစ်ကား အစီးရေပေါင်း ၅၃,၆၆၄ စီး အထိကို ရောင်းချခဲ့ရတာပါ။ ဒီပမာဏက တစ်လအတွင်း Tesla Model Y ရောင်းအားရဲ့ ၂ ဆ အထိကို ရှိခဲ့တာဖြစ်ပြီး Plug-In Hybrid ကား အမျိုးအစားရောင်းအားတွေပါ ထည့်ပေါင်းလိုက်ရင် အစီးရေ ၁၀၄,၈၇၈ စီး အထိကို ရှိလာမှာပါ။ ဒီလို ရောင်းအားတွေကြောင့်လည်း သာမန် အင်ဂျင်သုံး ကားတွေကို စတင်ဖယ်ထုတ်ပြီး လျှပ်စစ်ကားတွေဆီ အားစိုက်လိုက်တာဟာ BYD တို့အဖို့ သိပ်တောင်အံ့အား သင့်စရာ မကောင်း တော့မှာ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

ဒါ့အပြင် အဆိုပါ ကုမ္ပဏီက ကားတွေ အတွက် ထူးခြားချက်တစ်ရပ်ကတော့ ခပ်ဆန်းဆန်း နာမည်ပေးပုံပဲ ဖြစ်ပြီး PHEV ကား အမျိုးအစားတွေ ဆိုရင် Warship ဆိုတဲ့ Range ထဲ ပါဝင်မှာဖြစ်ကာ လျှပ်စစ်ကား သီးသန့်တွေဆိုရင် တော့ Marine Life ကား အမျိုးအစားထဲ ပါဝင်နေမှာပါ။ သူတို့အတွက် ရောင်းအား အကောင်းဆုံး PHEV ကားကို ဆိုရင်တော့ သာမန် Sedan တစ်စီးထက် အများကြီး ပိုကောင်းတယ် ဆိုတဲ့ အသွင်နဲ့ Destroyer ဆိုပြီးခပ်ကြမ်းကြမ်း နာမည် ပေးထားတာလည်း ဖြစ်ပါတယ်။ တကယ်လည်း အဆိုပါ Destroyer ကားသစ်ရဲ့ အချက်အလက်တွေကိုကြည့်လိုက်ရင် နိုင်ငံတွင်းဘာကြောင့် ဒီလောက် ရောင်းအား ကောင်းရသလဲဆိုတာ သိနိုင်မှာပါ။ အဆိုပါ ကားရဲ့ Range ကတော့ တစ်ကြိမ်အားသွင်းထားပြီး ရင် ၇၅ မိုင် အထိကို မောင်းနှင် နိုင်တာကြောင့် သာမန် လူတစ်ယောက် ရဲ့ တစ်နေ့တာ အသုံးထက်တော့ အများကြီး သာနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါက အမေရိကရဲ့ စံစနစ် ဖြစ်တဲ့ EPA Rating တော့ မဟုတ်သေးတာ ကြောင့် အ‌မေရိကလို ဈေးကွက်ထဲမှာ ဆိုရင်တော့ ဘယ်လို သတ်မှတ်ခံရမလဲ ဆိုတာ မသေချာသေးပါဘူး။

Photo Credit: CARBUZZ

BYD ကတော့ လာမယ့် ၂၀၄၀ ရောက်ရင် သာမာန် အင်ဂျင်သုံး ကားတွေကို လုံးဝမသုံးတော့ မထုတ်‌တော့ မယ့် ကား ကုမ္ပဏီ တွေထဲက တစ်ခုအပါအဝင် ဖြစ်ပြီး အခြားသော ကုမ္ပဏီတွေထဲမှာဆိုရင်တော့ Jaguar Land Rover၊ Volvo၊  Ford နဲ့ Mercedes-Benz စတဲ့ နာမည်ကြီး တွေပါဝင်ပါတယ်။ ဒါပေမယ့် လက်ရှိ အနေအထားမှာတော့ သူတို့ စတင် တည်ထောင်ထုတ်လုပ်ခဲ့တဲ့ ၂၀၀၃ ခုနှစ်ကတည်းက သာမန် အင်ဂျင်သုံး ကားတွေရဲ့ အစိတ်အပိုင်းတွေကို ဆက်လက်ထုတ်လုပ်ပေးနေမှာဖြစ်ပြီး အဆိုပါ အင်ဂျင်ကားတွေကို ရောင်း ချနေဆဲ အရောင်း ကိုယ်စားလှယ်တွေနဲ့လည်း ဆက်ပြီးအလုပ်လုပ်နေဦးမှာဖြစ်တယ်လို့ တရားဝင် ကြေညာ ထား လိုက်ပါတယ်။ ဒါပေမယ့်လည်း တစ်ခု မေးစရာရှိတာကတော့ BYD အနေနဲ့ လာမယ့် အနာဂါတ် တစ်ချိန်ချိန် မှာ အမေရိကလို ဈေးကွက်မျိုး အထိ တင်ပို့တော့မလား ဆိုတဲ့ အချက်ပါပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် လက်ရှိ အချိန်အထိ ဂုဏ်သိက္ခာပိုင်းအရ သိပ်မလှတဲ့ ကားတွေအဖြစ် တရုတ်နိုင်ငံထုတ် ကားတွေကို မြင်ထားသူတွေလည်း ရှိနေသေးတာမို့ BYD က အမြင် ပြောင်းပေးနိုင်မလား ကြည့်ရမှာပါ။ ဒါပေမယ့်လည်း BYD တို့ကတော့ ဂျပန် နာမည်ကြီး Toyota တို့နဲ့တောင် ပူးပေါင်းပြီး အနာဂါတ်မျိုးဆက်သစ် လျှပ်စစ်ကား တွေ ဖြစ်ကြတဲ့ bZ4X လျှပ်စစ်ကားတွေလိုမျိုးကိုတောင် ထုတ်လုပ်ဖို့ပြင်ဆင်နေတာကြောင့် စောင့်ကြည့် ချင်စရာ အတော်ကောင်းနေပြီပဲ ဖြစ်ပါတယ်။

Ref: carbuzz.com