BYD Auto ကတော့ ၂၀၂၃ ခုနှစ် ဇန်နဝါရီ လအတွင်းမှာ လျှပ်စစ်သီးသန့်ကား ၇၁၃၃၈ စီးအပါအဝင် ကားအစီးရေပေါင်း ၁၅၁၃၄၁ စီး အထိရောင်းချခဲ့ရတယ် လို့ ကြေညာလာခဲ့ပါတယ်။ ဒါက တရုတ်ဈေးကွက်အတွင်း လျှပ်စစ်သီးသန့်ကားရောင်းအားမှာ ၂၀၂၂ ဧပြီ လတုန်းက Tesla ကအနည်းငယ်အသာရခဲ့ပြီးတဲ့ နောက်ပိုင်း အဆင့်တစ်နေရာ ရရှိခဲ့တာ ၁၀ လဆက်တိုက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ BYD ရဲ့ရောင်းအားတိုးတက်လာမှုမှာ သိသာတဲ့အချက်တချက်က ပြည်ပ ဈေးကွက်မှာ အောင်မြင်မှုရရှိလာတဲ့အချက်ပဲ ဖြစ်ပြီး အစ္စရေးနဲ့ နယူးဇီလန် နိုင်ငံတွေရဲ့ လျှပ်စစ်သီးသန့်ကား ဈေးကွက်မှာပါ ချန်ပီယံ ဖြစ်လာခဲ့တာပါ။ နှစ်စဉ်အရောင်းစာရင်း အရဆိုရင် တရုတ်နိုင်ငံပြင်ပ ဈေးကွက်တွေမှာ ၂၀၂၁ ခုနှစ်တုန်းက လျှပ်စစ်သီးသန့်ကား ၁၃၇၃၃ စီးရောင်းချခဲ့ရပြီး ၂၀၂၂ ခုနှစ်မှာတော့ ၅၀၈၉၈ စီးရောင်းချခဲ့ရတာကြောင့် ရောင်းအားက ၂၇၀ ရာခိုင်နှုန်းအထိ တိုးတက်လာတယ်လို့ ဆိုနိုင်ပါတယ်။

Photo Credit: CarNewsChina

အစ္စရေး ဈေးကွက်အတွင်းမှာလည်း BYD လျှပ်စစ် သီးသန့်ကားရောင်းအားက အလျင်အမြန်တိုးတက်လာခဲ့တာပါ။ ၂၀၂၂ ခုနှစ် ဇန်နဝါရီတုန်းက အစ္စရေး ဈေးကွက်အတွင်း BYD ကားအစီးရေ တစ်စီးမှ ရောင်းချခဲ့ရခြင်းမရှိခဲ့ပေမယ့် အခု ၂၀၂၃ ခုနှစ် ဇန်နဝါရီ လအတွင်းမှာတော့ အစီးရေ ၂၉၉၉ ရောင်းချခဲ့ရကာ အဆိုပါကားကတော့ BYD ATTO 3 ကားပဲ ဖြစ်ပြီး လျှပ်စစ်သီးသန့် ကားရောင်းအားအနေနဲ့ အစ္စရေးနိုင်ငံအတွင်း နံပါတ်တစ်နေရာရရှိခဲ့ကာ ကားမျိုးစုံ ရောင်းအားမှာတော့ နံပါတ် ၅ နေရာ ရရှိခဲ့တာဖြစ်ပါတယ်။ နာမည်ကျော် Tesla ကတော့ အစ္စရေးနိုင်ငံအတွင်း ဇန်နဝါရီလမှာ ၃ စီးသာ ရောင်းချခဲ့ရတာ ကြောင့် BYD က အစ္စရေး လျှပ်စစ်သီးသန့်ကား ဈေးကွက်ကို လွှမ်းမိုးလာတယ်လို့တောင် ဆိုရတော့မှာပါ။ ဒါတင်မကသေးပဲ BYD ATTO 3 ကားက နယူး ဇီလန် ကားဈေးကွက်အတွင်းမှာလဲ ဇန်နဝါရီ လမှာ ၂၃၅ စီးရောင်းချခဲ့ရတာကြောင့် ရောင်းအားအကောင်းဆုံး လျှပ်စစ်သီးသန့်ကားအဖြစ် သတ်မှတ်ခြင်းခံခဲ့ရ ပါသေးတယ်။

Photo Credit: CarNewsChina

BYD ကတော့ ပြီးခဲ့တဲ့ နှစ်တွေအတွင်း နိုင်ငံတကာဈေးကွက်ကို အလျင်အမြန်ချဲ့ထွင်လာနေပြီး ၂၀၂၂ ခုနှစ်အတွင်း ကားတင်သင်္ဘောကြီး ၆ စီးအထိ ငှားရမ်းပို့ ဆောင်ခဲ့ကာ တစ်ကြိမ်ကို အစီးရေ ၇၀၀၀ ကနေ ၁၀၀၀၀ အထိ ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် BYD က အရည်အသွေးမြင့် လျှပ်စစ်ကားတွေကို ကမ္ဘာတစ်ဝန်းက Customer တွေရဲ့ လိုအပ်ချက်နဲ့ကိုက်ညီအောင် ထုတ်လုပ်နိုင်ဖို့ သူ့ရဲ့ သုတေသနနဲ့ဖွံဖြိုးရေးမှာ ပိုမိုရင်းနှီးမြှုပ်နှံမှုတွေလုပ်ဆောင် လာခဲ့တာ ဖြစ်ပြီး ဩစတြေးလျ ၊ ဂျပန် နဲ့ အိန္ဒိယ တို့လို နိုင်ငံတွေအတွက် ညာမောင်းကားတွေကိုလည်း ထုတ်လုပ်နိုင်ဖို့ ပြင်ဆင်နေပါတယ်။ BYD ရဲ့ အကဲဖြတ်သူ Tong Shu ကတော့ ၂၀၂၃ ခုနှစ်အတွင်းမှာ BYD က လျှပ်စစ်သီးသန့်ကား အစီးရေ ၃ သိန်းအထိ ပြည်ပကိုတင်ပို့သွားမှာ ဖြစ်တယ်လို့ ဆိုထားတာပဲ ဖြစ်ပါ တယ်။

Ref: CarNewsChina