BYD Atto 3 ဆိုတာ ကတော့ တရုတ်ဈေးကွက် ထဲက BYD Yuan Plus လို့ လူသိများတဲ့ C-Segement Crossover ၊ SUV ကားတစ်စီး ပါပဲ။ လောလောဆယ် မှာတော့ ‌အဆိုပါ ဈေးကွက်ထဲက လူကြိုက် အများဆုံး BEV တွေထဲက ကား တစ်စီး ဖြစ်နေပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ တစ်လထဲတင် အစီးရေ ၃၀,၀၀ နီးပါး ရောင်းချခဲ့ရပါတယ်။ တရုတ် ဈေးကွက် တင်မကတော့ပဲ ဩစတြေးလျ မှာပါ ရရှိနေပြီဖြစ်ကာ နောက် ပိုင်းမှာလည်း ဥရောပနဲ့ ဂျပန် ဈေးကွက်တွေ အထိ ခြေ‌ဆန့်ဖို့ ရှိနေပါတယ်။ ဒါပေမယ့် အခု အဆိုပါ ကားကို ထိုင်းနိုင်ငံအတွင်း စမ်းသပ်မှု တစ်ချို့ ပြုလုပ်ခဲ့ပြီး ကျေနပ် စရာ ကောင်းတဲ့ ရလဒ်ကောင်းတွေလည်း ရခဲ့ပါသေးတယ်။ အဓိကကတော့ ကားရဲ့ 60.48 kWh ဘက်ထရီ ပါတဲ့ လျှပ်စစ် ကားကို စမ်းသပ်ခဲ့ကြတာ ဖြစ်ပြီး တစ်ခါ အားသွင်းထားရုံနဲ့ မိုင်ပေါင်း ၂၆၁ မိုင် အထိကို မောင်းနိုင်တယ်လို့ သိထားရတာပါ။ ပုံမှန်အားဖြင့်ကတော့ 49.92 kWh ဘက်ထရီ မှာတုန်းကဆိုရင် တစ်ခါအားသွင်းထားရုံနဲ့ ၁၉၉ မိုင် အထိ မောင်းနိုင်မှာ ဖြစ်ပါတယ်။

Photo Credit: InsideEvs

ဒါပေမယ့် အခု တစ်ခေါက်မှာ ၂၅ ဒီဂရီ အပူချိန် လောက်ရှိတဲ့ ရာသီဥတု ကောင်းကောင်း မှာ ဆိုရင်တော့ ကားက မူလ သတ်မှတ်ထားတဲ့ အဆိုပါ စွမ်းဆောင်ရည် တွေထက်တောင် သာလွန်နေတဲ့ ပုံပါပဲ။ အခု စမ်းသပ်ထားတဲ့ Video အရ ဆိုရင် တစ်နာရီ ၅၆ မိုင်နှုန်း စမ်းသပ်ကြရာမှာ တစ်မိုင်ကို ၂၁၆ Wh ပမာဏ လောက်ပဲ စွမ်းအင် သုံးစွဲတာ တွေ့ရပါတယ်။ ဘက်ထရီရဲ့ 59.6 kWh ပမာဏနဲ့ ပေါင်းစပ်လိုက်မယ် ဆိုရင် တော့ ကားရဲ့ Range က တစ်ခါ အားသွင်းထားရုံနဲ့ ၂၇၇ မိုင် အထိကို မောင်းနှင် နေနိုင်တာပဲ ဖြစ်ပါတယ်။ ဒါဟာဈေးကွက် ထဲက အခြား သော ဘယ်လို BEV ကား အမျိုးအစားနဲ့မဆို အမှန်တကယ် ယှဉ်နိုင် တဲ့ အနေအထား ရှိနေတာပါ။

Photo Credit: InsideEvs

အခု ကားကို စမ်းသပ်နေတဲ့ Bjorn Nyland ကတော့ နောက်ထပ် စမ်းသပ်မှု တစ်ရပ် အနေနဲ့ နော်ဝေး နိုင်ငံ မှာ ကားကို တစ်နာရီ ၇၅ မိုင် မြန်နှုန်း လောက် နဲ့ မောင်းပြီး စမ်းသပ်ကြည့်မယ်လို့ ဆိုထားဝာာကြောင့် ရလဒ် ဘယ်လို ရှိမလဲ ဆိုတာ စောင့်ကြည့်ရဦးမှာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် အခုလိုမျိုး BYD Blade ရဲ့ ဘက်ထရီကို တပ်ဆင်ထားတဲ့ Atto 3 လျှပ်စစ်ကားလေး ကတော့ အတော် စိတ်ဝင်စားဖို့ ကောင်းလာနေပါပြီ။ မကြာသေးမီ ကလည်း Euro NCAP က သတ်မှတ်ထားတဲ့ ကြယ်ငါးပွင့်အဆင့် လုံခြုံရေးပိုင်းကို ရရှိထားပြီး အခြားသော BEV တွေနဲ့ အကောင်းဆုံး ယှဉ်ပြိုင်ဖို့ အသင့်ပဲ ဆိုတာတော့ သေချာနေပြီ ဖြစ်ပါတယ်။

Ref: InsideEvs