ဖလော်ရီဒါ အခြေစိုက် Apocalypse Manufacturing ကတော့ Dark Horse လို့ အမည်ပေးထားတဲ့ ပထမဆုံး Ford Bronco 6×6 ကားကို ဖန်တီးလိုက်ပြီး ဧပြီလ ၉ ရက်နေ့မှာတော့ ဖလော်ရီဒါပြည်နယ်၊ Palm Beach မှာ Barrett-Jackson က လေလံတင်ရောင်းချလာတော့မှာဖြစ်ပါတယ်။ Apocalypse Manufacturing ကတော့ 6×6 ကားတွေကို ဖန်တီးရာမှာ အထူးကျွမ်းကျင်ပြီး Bronco မတိုင်ခင်မှာလည်း Jeep Gladiator 6×6 နဲ့ Warlord လို့လူသိများတဲ့ Ram 1500 TRX 6×6 ကားတွေကို ဖန်တီးပြီး ရေပန်း စားခဲ့ပါတယ်။
Dark Horse ကားကတော့ အပို ဝင်ရိုး နဲ့ ငါးပေရှည်တဲ့ Pickup Bed မပါခင်က တံခါးလေးပေါက် Bronco ကားတစ်စီးဖြစ်ပြီး Apocalypse ရဲ့ ဖန်တီးမှုအပြီးမှာတော့ Bronco ရဲ့ အရှည်ဟာ 189 လက်မကနေ 225 လက်မအထိ ပိုရှည်လာကာ အမိုးကိုတော့ ဖြုတ်နိုင်တပ်နိုင်တဲ့ ဖိုက်ဘာမှန်အမာနဲ့ အစားထိုးခဲ့ပါတယ်။ 2.7-Litre Turbocharged V-6 အင်ဂျင်နဲ့အတူ Software အသစ်တွေ၊ ပိုကြီးတဲ့ Injectors နဲ့ ပိုကောင်း အောင် ပြုပြင်ထားတဲ့ အိတ်ဇောစနစ်တို့ပါဝင်လာကာ မူလ 330 hp ကနေ 400 hp ခန့်အထိ စွမ်းဆောင် ရည် မြင့်မားလာတယ်လို့ Apocalypse က ဆိုထားပါတယ်။ Apocalypse ရဲ့ မူပိုင်ခွင့်ရ Apocal Middle Tandem Axle ကြောင့် ဘီး ၆ ဘီးစလုံးကို စွမ်းအင် ပို့ဆောင်ပေးမှာ ဖြစ်ကာ ၃၇ လက်မ တာယာဘီးတွေ တပ်ဆင်ပေးထားသလို ၄-လက်မ Suspension Lift လည်းပါရှိလာပါတယ်။
Apocalypse က အတွင်းပိုင်းကို King Ranch Pattern လို့ခေါ်တဲ့ ခဲရောင်နဲ့ အနက်ရောင် ရေစိုခံ Marine-Grade Leather ကူရှင်တွေနဲ့ပြင်ဆင်ဖန်တီး ထားတာကြောင့် အမိုးနဲ့တံခါးတွေပိတ်ပြီး အချိန်အကြာကြီး မောင်းနှင်ရာမှာ အသုံးဝင်မှာဖြစ်တယ်လို့ ကုမ္ပဏီမှ မှတ်ချက်ပေးထားပါတယ်။ Broncos ရဲ့ စိတ်ကြိုက် ပြောင်းလဲမှုတွေ အပါအဝင် နောက်ထပ် Bronco 6×6 ကားတွေကို ဖန်တီးဖို့ ကုမ္ပဏီက စီစဉ်ထားပြီး တချို့ တည်ဆောက်မှုတွေမှာ 700-hp ထုတ်ပေးနိုင်တဲ့ Supercharged Coyote V-8 အင်ဂျင် ဒါမှမဟုတ် Kevlar-coated ဆေးချယ်မှုတွေလည်း ပါဝင်မှာဖြစ်လို့ စွမ်းဆောင်ရည် ပိုကောင်းလာမှာ ဖြစ်တယ်လို့ Apocalype ပိုင်ရှင် Joseph Ghattas ကဆိုထားတာပဲ ဖြစ်ပါတယ်။
Ref: MotorAuthority