Suzuki Jimny ဆိုတဲ့ ကားလေးကတော့ ဒီဘက်ခေတ် ကားလောကထဲမှာ ရှားရှားပါးပါးပုံစံ ကားလေးတစ်စီး ဖြစ်နေပြီလို့ပဲ ဆိုရမှာပါ။ လျှပ်စစ် စွမ်းအင်နဲ့လည်း ဘယ်လိုမှ မပေါင်းစပ်ထားသလို လေးထောင့် အသွင်နဲ့ထုထည် ကျကျ ကားလေးတစ်စီးကိုမှ ယခင်က အကောင်းစား Naturally Aspirated Engine  ကိုပဲ သုံးပေးထားတာ ဖြစ်ပါတယ်။ ကားရဲ့ အရွယ်နဲ့ Overhang တွေ ခပ်တိုတို ပုံစံကြောင့် စျေးသက်သက် သာသာ နဲ့ လမ်းကြမ်း စွမ်းဆောင်ရည် ကောင်းကောင်း ကားမျိုးလိုချင်သူတွေ အတွက်လည်း အကြိုက်တွေ့စရာ ဖြစ်နေပါသေးတယ်။ လမ်းကြမ်း မောင်းလို့ ရတယ် ဆိုပေမယ့်လည်း ကားရဲ့ ပုံစံလေးကချစ်စရာ ကောင်းတဲ့ပုံ ဖြစ်နေလို့ ပိုပြီး Aggressive ဆန်တဲ့ ခပ်ကြမ်းကြမ်း ပုံစံကို ပြောင်းချင်တယ်ဆိုရင်တော့ အခု ထူးထူးခြားခြား Jimny ကား ပုံပြောင်းလေးက သေချာ ပေါက် အဖြေ ဖြစ်နေမှာပါ။ အခု မြင်နေရတဲ့ ကားလေးကတော့ မူလ Jimny Crossover ရဲ့ အရွယ်အစား အတိုင်းကိုမှ Mini Brabus G-Class ပုံစံမျိုးလေး Tuning ပြန်လုပ်ထားတာပဲ ဖြစ်ပါတယ်။

အဆိုပါကားလေးကိုတော့ ယူကေမှာ ဖန်တီးထားတာဖြစ်ပြီး   Collecting Cars ဆိုတဲ့ YouTube Channel က ရိုက်ကူး ပြထားရာမှာတော့ အတော်ကိုသဘောကျစရာ ကောင်းနေပါတယ်။ ကားရဲ့ အရှေ့ဘက်ကို ပိုပြီး Aggressive ဖြစ်သွားစေမယ့် Brabus Tuned G 63 ပုံစံ ပြောင်းပေးလိုက်ပြီး မူလ Brabus G 63 ကို အနည်းငယ် ဝိတ်လျှော့ ဖန်တီး ထားတယ် ဆိုပေမယ့်မူလအတိုင်း အသေးစိတ်လေးတွေ အတော်များများ ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။ အထူးသဖြင့် ဘေးဘက်တွေမှာ V 8 ဆိုတဲ့ တံဆိပ်တွေနဲ့ အတူ Icon တစ်ရပ်လိုဖြစ်နေတဲ့ Indicator တွေကိုလည်း Fender မှာ တပ်ဆင်ထားတဲ့ ပုံစံနဲ့ ဖြစ်ပါတယ်။ ဒါတင်မက သေးပဲ ကားရဲ့ ဘေးဘက်အိတ်ဇော ပိုက်တွေတောင်မှ Brabus G 63 ကားရဲ့ မူလ အိတ်ဇောတွေအတိုင်း ဖန်တီးထားတာပါ။ အခု G63 ပုံစံတူ Jimmy ကားလေးကိုတော့ ၁၈ လက်မ အရွယ်ဘီးတွေပေါ် အခြေခံ ဖန်တီးထားပြီး အနက်ရောင် သီးသန့်ဖြစ်တာကြောင့် အတော်သပ်ရပ် ကြည့်ကောင်းနေပါတယ်။ ဒါ့အပြင် တံခါး လက်ကိုင်တွေကအစ မူလမာစီးဒီး ကားလက်ကိုင်တွေ အတိုင်း ပုံစံတူ အပြင် လုပ်ဆောင်ချက်တွေပါ အတူတူရှိနေတာ ဖြစ်ပါတယ်။ ကားရဲ့ အနောက်ဘက်မှန်အပေါ် နားလေးမှာတော့ ပါကင် ကင်မရာ အသေးလေးတစ်ခု ပါဝင်လာပြီး ပတ်ပတ်လည်မှာတော့ Brabus ဆိုတဲ့ တံဆိပ်တွေကို မြင်ရမှာ ဖြစ်ကာ ဘီးတွေနဲ့ တာယာအပို ကာဗာတွေမှာကအစ ထည့်ပေးထားတာလည်း ဖြစ်ပါတယ်။

Photo Credit: motor 1.com

အတွင်းခန်းမှာ ဆိုရင်လည်း G 63 ကား အတိုင်း အတော်လေးကို ဂရုတစိုက်နဲ့ အသေးစိတ် ပြင်ဆင် Tuning ပြုလုပ် ထားပြန်တာပါ။ ထိုင်ခုံတွေ ၊ တံခါး ဘောင်တွေနဲ့ Dashboard တွေမှာ လိမ္မော် ရောင် လယ်သာ သားတွေနဲ့ ပြောင်းလဲ ဖန်တီးပေးထားပြီး စိန်ကွက်ပုံစံ Stitch အစင်းလေးတွေကိုလည်း နေရာအနှံ့ မြင်နိုင်ပါသေးတယ်။ ဒါပေမယ့် တစ်ခု ရှိတာကတော့ Jimny ကားလေး ရဲ့ မူလအပြင်အဆင်တွေအရကို ထည့်ဖို့ အဆင်မပြေတာကြောင့် ခေတ်ပေါ် အဆင့်မြင့် နည်းပညာ ပစ္စည်းတွေတော့ အတွင်းခန်းမှာ ပါမလာခဲ့တာ တွေ့ရမှာပါ။ ဒါပေမယ့်လည်း Dashboard အလယ် တည့်တည့်မှာတော့ Touchscreen Infotainment Display ကို ရအောင် ထည့်ပေးထားပြီး သော့မလိုတဲ့ Engine Start ခလုတ်ကိုလည်း ယခင် Suzuki မူရင်း ကား‌တုန်းက မရပေမယ့် အခုတော့ ထည့်ပေးထားလိုက်ပါတယ်။ အင်ဂျင်ပိုင်းမှာ တော့လည်း ဘာမှ ပြောင်းလဲ ပေးထားတာ မရှိသေးပဲ ယခင် 1.5 Liter Naturally Aspirated ဓာတ်ဆီ အင်ဂျင်ကိုပဲ သုံးပေးထားကာ ဂီယာကိုတော့ Four-Speed Automatic Gear နဲ့ အတူ Four-Wheel Drive အနေနဲ့ ထုတ်လုပ် ပေးထား လိုက်တာပဲဖြစ်ပါတယ်။ ကားရဲ့ အမြင့်ဆုံး စွမ်းဆောင်ရည်ကတော့ 101 hp နဲ့ 102 lb-ft Torque အထိ ရှိပြီးမူလ Brabus G63 ကားရဲ့ ခြေဖျားတောင် မမှီတဲ့ ပမာဏလို့ ဆိုနိုင်ပေမယ့်လည်း ဒီ ကားဒီဇိုင်း ကို ဈေးသက်သက်သာသာနဲ့ ရမှာကတော့ တကယ့်ဆွဲဆောင်မှု တစ်ရပ်ဖြစ်လာမယ်ဆိုတာ သေချာနေပြီပဲ ဖြစ်ပါတယ်။

Ref: motor 1.com