BMW ကတော့ ဂျာမနီ နာမည် Neue Klasse ဆိုတဲ့ Code-Name နဲ့ New Class လို့ အဓိပ္ပါယ်ရတဲ့ မျိုးဆက်သစ် EV Platform တစ်ခုကို ဖန်တီးနေ‌ပါတယ်။ အဆိုပါ Platform ကို သုံးထားမယ့် ကားက ဘယ်လို နေမလဲ ဆိုတာကို လာမယ့် ဇန်နဝါရီ ၊ Las Vegas မြို့မှာ  ကျင်းပမယ့် 2023 CES ပွဲကြီးမှာ စတင်မြင်ရဖို့ ရှိနေပါပြီ။ ကြာသပတေး နေ့က ကျင်းပခဲ့တဲ့ BMW ရဲ့ တတိယ ၃ လပတ်စာ ဘဏ္ဍာရေး ရှင်းတမ်းမှာ ကုမ္ပဏီရဲ့ ငွေကြေးပိုင်း တာဝန်ခံ အရာရှိ ဖြစ်သူ Nicolas Peter က လာမယ့် CES ပွဲကြီးမှာ Platform အသစ်သုံးထားမယ့် Vision Vehicle တစ်မျိုးကို Concept အဖြစ် ချပြသွားမယ်လို့ အတည်ပြုပေးလိုက်ပါ တယ်။ Vision Vehicle ဆိုတာကတော့ BMW ကတော့ သူတို့ရဲ့ Concept ကား အတွက်ပဲ သတ်မှတ်ထားတဲ့ နာမည်တစ်ရပ် ဖြစ်တာကြောင့် တကယ်ထုတ်လုပ်မယ့် အဆင့် ကားလို့တော့ မှတ်ယူလို့ ရနိုင်ဦးမှာ မဟုတ်သေးပါဘူး။ ကားရဲ့အတွင်းခန်း Concept ပိုင်းလောက်ကိုပဲ မြင်သာ ထင်သာရှိအောင် သရုပ်ပြပေးနိုင်ရုံလောက် ဖြစ်နိုင်ပြီး Peter ရဲ့ အဆိုအရတော့ ကုမ္ပဏီ ရဲ့ ဒီဂျစ်တယ်နည်းပညာ တွေကိုလည်း အဆိုပါ Concept ကားချပြရာမှာ အသုံးပြုသွားမယ်လို့ သိခဲ့ရပါသေးတယ်။

Photo Credit: MotorAuthority

လက်ရှိမှာတော့ အဆိုပါ Neue Klasse Platform ဟာ လျှပ်စစ်ကားတွေ အတွက် သီးသန့်ပဲဖြစ်ပြီး ယခင်တုန်းက သာမန် အင်ဂျင်ကားတွေအပြင် အမျိုးမျိုးသော Hybrid ကားတွေကိုပါ ဖန်တီးပေးနိုင်ခဲ့တဲ့ UKL နဲ့ CLAR Platform  တွေကို အစားထိုးဖို့ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ပိုထူးခြားတဲ့ တစ်ချက်ကတော့ အခု Platform အသစ်ဟာ လျှပ်စစ်စွမ်းအင်သာမက နောက်ပိုင်းမှာ ဟိုက်ဒရိုဂျင်စွမ်းအင် အတွက် ကိုပါ အသုံးပြုနိုင်မှာ လည်း ဖြစ်နေတာပါ။ အဆိုပါ Platform ကနေ အမျိုးမျိုးသော ကားအရွယ်အစားတွေကိုပါ လိုက်ဖက်နိုင်ဖို့ Wheelbase တွေလည်း စိတ်ကြိုက်ပြောင်းနိုင်အောင် ဖန်တီးပေးထားမှာဖြစ်ပြီး Aerodynamic ဒီဇိုင်းလည်း ပိုကောင်းစေမှာ ဖြစ်ပါတယ်။ ရလဒ် အနေနဲ့ကတော့ ယခင်ကနေမတူ ပိုမြန်ပိုလှမယ့် ကားအချိုးအစားနဲ့ အတွင်းခန်း ဒီဇိုင်း ကျယ်ကျယ်တွေကို မြင်ရမှာဖြစ်ကာ BMW ရဲ့ ၆ ခုမြောက် မျိုးဆက်သစ်လျှပ်စစ် မော်တာနဲ့ ဘက်ထရီ နည်းပညာတွေကြောင့်လည်း စွမ်းဆောင်ရည်ကို ပိုကောင်းစေဦးမှာပါ။ ဘက်ထရီကတော့ Round Cell Design အသစ်ဖြစ်ပြီး Range အပိုင်းအရလည်း လက်ရှိ BMW သုံးနေတဲ့ ဘက်ထရီတွေထက် 30% လောက် ပိုလာမှာ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

အဆိုပါ Neue Klasse Platform ကို အခြေခံ လာမယ့် ပထမဆုံးသော ကားကိုတော့ ဟန်ဂေရီ နိုင်ငံ၊ Debrecen မှာ ရှိတဲ့ စက်ရုံမှာပဲ ထုတ်လုပ်တပ်ဆင်သွားမှာ ဖြစ်ပါတယ်။ လာမယ့် ၂၀၂၅ မှာ ထုတ်လုပ်ရေးတွေ စတင်မယ့် အဆိုပါ ကားသစ် တွေကိုတော့ လက်ရှိ ဂျာမနီနိုင်ငံ ၊ မြူးနစ်က စက်ရုံတွေဆီ ၂၀၂၆ လောက်မှာ စတင် ရောက်ရှိ ထုတ်လုပ် လာ ဖို့ ရှိပါသေးတယ်။ ပထမဆုံးကားကတော့ 3-Series Sedan ကားသစ်တွေ ဖြစ်လာနိုင်ပြီး နောက်ပိုင်းမှာတော့ Sport SUV ဖြစ်လာမယ်လို့ သိထားရပါတယ်။

Ref: MotorAuthority