BMW ရဲ့ အမှတ်သညာ အတော်လေး ကြီးမားတဲ့ Kidney Grille ကြီးကို M3 ၊ M4 ကားတွေကစပြီး သုံးလာခဲ့ကာ နောက်ပိုင်းမှာ လုံးဝကို ကွဲထွက်နေတဲ့ လေးထောင့်ကျကျ XM ကား ၊ 7 Series အသစ်နဲ့ ၊ Facelifted X7 ကားတွေ မှာလည်း အလားတူ ဒီဇိုင်း အပြောင်းအလဲတွေ ဖြစ်လာခဲ့ပါတယ်။ ဒီကားတွေ မတိုင်ခင် M2 က ပိုပြီး ကြည့်ရတာ ထူးခြားတယ်လို့ တစ်ချို့က ဆိုကောင်းဆိုနိုင်ပေမယ့် အနာဂတ်အတွက် ကားသစ်တွေနဲ့ ပိုလိုက်ဖက်မယ့် ပုံစံတွေ BMW တို့ ဖန်တီးနေတယ် ဆိုတာလည်း နားလည်ပေးလို့ရတဲ့ အနေအထားပါ။ အခုဆိုရင်တော့ လာမယ့် ၂၀၂၃ အရောက်မှာ မျိုးဆက် ၈ ခု မြောက်အထိ ရှိလာမယ့် 5 Series ကားသစ်တွေ အတွက်လည်း အစောပိုင်း ကြိုတင် ခန့်မှန်းထားမှုတွေနဲ့အတူ စိတ်ဝင်စားစရာ ကောင်းလာခဲ့ပြီဖြစ်ပြီး သူတို့ နောက်မှာလည်း လာမယ့် ၂၀၂၄ နှစ်လယ် လောက်မှာ ထွက်လာမယ့် M5 ကားပါ ရှိပါသေးတယ်။ အခုဆိုရင်တော့ အဆိုပါကားအတွက် Motor.es ကနေ Prototype တွေအပေါ် အခြေခံကာ ဒီဇိုင်းပုံကြမ်းတစ်ခု ဖန်တီးပေးလာခဲ့ပါပြီ။

Photo Credit: motor 1.com

သေချာတာ ကတော့ အခုကားရဲ့ Headlight  တွေက နောက်ပိုင်း BMW တွေ ခပ်ကြီးကြီးပဲ ဖြစ်လာနိုင်သလို Grille Size ကတော့ အနေတော်ပဲ ဖြစ်လာဖို့ များပါတယ်။ Prototype တွေအရတော့ ကားရဲ့ အရှေ့ Fender ဘယ်ဘက် မှာ အားသွင်းပေါက် ရှိနေတာကြောင့် Plug-In Hybrid အင်ဂျင်မျိုး ဖြစ်လာမှာကတော့ သေချာနေပါပြီ။ ဒါ့အပြင် နောက်ပိုင်း 5 Series နဲ့ M5 တွေရဖို့ ရှိတာကတော့ ‌လေစီးဆင်းမှုအပိုင်း ပိုကောင်းစေမယ့် ဒီဇိုင်းပိုင်း အပြောင်းအလဲ အဖြစ် ကားတံခါး လက်ကိုင်တွေကို အတွင်းထဲ မြုပ်ထားမယ့်ပုံစံ ဖြစ်ပါတယ်။ အဆိုပါ ဒီဇိုင်းက သာမန် ကားမှာသိပ် မသိနိုင်ပေမယ့် လျှပ်စစ်သီးသန့် i5 အတွက် ဆိုရင် တော့ အကျိုးသက်ရောက်မှု ပိုများနိုင်ပါတယ်။ သေချာတာ ကတော့ iDrive 8 ဆိုတဲ့ ကုမ္ပဏီရဲ့ Infotainment စနစ်ကိုပဲ သုံးလာတော့မှာဖြစ်ပြီး Climate Settings တွေကအစ ခလုတ်အစားထိုး ဖြစ်လာတော့မှာပါ။ ဒါ့အပြင် Dashboard ကိုလည်း ပိုပြီး ရှင်းလင်းသွားစေအောင် ၁၄.၉ လက်မ အရွယ် Touchscreen တစ်ခုတည်းနဲ့တင် ကားရဲ့ လုပ်ဆောင်ချက် အတော်များများကို ထိန်းချုပ်နိုင်အောင် ထည့်ပေးထား လိုက်ပါ တယ်။ Digital Instrument Cluster ပိုင်းကတော့ ၁၂.၃ လက်မ ဖြစ်ပြီး Infotainment ပိုင်း လိုပဲ အနည်းငယ် ခပ်ကွေးကွေးမှန်လေး သုံးထားနိုင်ပါတယ်။

Photo Credit: motor 1.com

ကားရဲ့ စက်ပိုင်းဆိုင်ရာကို ကြည့်မယ် ဆိုရင်တော့ XM ကားကို နမူနာယူလို့ရနိုင်ပြီး Twin-Turbo 4.4 Liter V8 Engine ကိုမှ လျှပ်စစ် မော်တာနဲ့ တွဲပေးထားတာမျိုး ဖြစ်လာနိုင်ပါတယ်။ အဆိုပါ Plug-In Hybrid အမျိုးအစားမှာ ဆိုရင်တော့ 644 hp နဲ့ 590 lb-ft Torque လောက် အထိကို စွမ်းဆောင်လာနိုင်ပါတယ်။ လာမယ့် ၂၀၂၃ မှာပဲ ထပ်ထွက်လာဦးမယ့် XM Label Red Edition အသစ်ဆိုရင်တောင် 738 hp နဲ့ 737 lb-ft Torque အထိ ရှိမှာ ဖြစ်တာကြောင့် အခုကားကိုလည်း ဒီလောက်တော့ ခန့်မှန်းကြည့်တာ ဖြစ်သင့်တယ်လို့ ဆိုရမှာပါ။ အခုအထိ မြင်ဖူးထားသမျှ Spy Shots တွေနဲ့ ပုံကြမ်းတွေကတစ်ဆင့် M5 Sedan အသစ် ရဲ့ အတွင်းအပြင် တော်တော်များများကို မြင်တွေ့ထားရပြီလို့တောင် ဆိုလို့ရပါတယ်။ ဒါ့အပြင် နောက်ပိုင်းမှာတော့ M5 Sedan နဲ့ ဆက်စပ်ပြီး M 5 Wagon ကား ပုံစံနဲ့ M5 Touring ကားတွေပါ ရောက်လာ နိုင်သေး တယ်လို့ ခန့်မှန်းရပါတယ်။

Ref: motro 1.com