အနာဂါတ်မှာ ဘယ်လို နည်းပညာတွေ တိုးတက်လာနိုင်သလဲ မေးမယ်ဆိုရင် စိတ်ထဲကတင် အရာအားလုံး ကို ထိန်းချုပ်နိုင်မယ့် နည်းပညာတွေပိုတိုးတက်လာကြတာ လိုချင်တယ်လို့ ဖြေမယ့်သူတွေ များနိုင်ပါတယ်။ အခုလို မှော်ဆန်ဆန် ခပ်ဆန်းဆန်း နည်းပညာတွေကိုတော့ Star Wars တို့ ၊ Bladerunner တို့နဲ့ Minority Report တို့လို သိပ္ပံရုပ်ရှင် ကားတွေက မျှော်လင့်ချင်စရာ ကောင်းလောက်အောင် ချပြခဲ့ပြီးပါပြီ။ ဒါပေမယ့် အခုသူတို့ နောက် လိုက်လာတာ ကတော့ ထူးထူးခြားခြားပဲ ကားကုမ္ပဏီတစ်ခု ဖြစ်တဲ့ BMW ဖြစ်လို့ နေပါတယ်။ ပြီးခဲ့တဲ့ CES ပွဲကြီးမှာ ပဲ BMW ကနေ iX Flow ဆိုတဲ့ ကားကို မိတ်ဆက် ခဲ့ပါတယ်။ အဆိုပါ ကားကတော့ ဈေးကွက်ထဲက BMW iX လျှပ်စစ် ကားကိုအခြေခံထားတဲ့ ကားတစ်စီးပဲ ဖြစ်ပေမယ့် လက်တွေ့ဘဝ မှာတော့ ကားအရောင်ကို လိုသလို ပြောင်းနိုင် အောင် E-Ink နည်းပညာကို ထည့်သွင်း ထားတာပါ။ လက်ရှိမှာတော့ ပြောင်းနိုင်တဲ့ အရောင်တွေက အနက် ၊ မီးခိုး နဲ့ အဖြူ ဆိုတဲ့ ၃ ရောင်ပဲကန့် သတ် ရရှိနေသေးသလို တကယ့်လက်တွေ့လည်း ထုတ်လုပ်ဦးမှာ မဟုတ်သေးတဲ့ Concept ကား အဆင့်ပဲ ရှိပါသေးတယ်။ အခု ဆိုရင်တော့ အဆိုပါ ကား အရောင် ပြောင်းတာကို စိတ်နဲ့တင် ထိန်းချုပ် လုပ်ဆောင်နိုင် ဖို့ အတွက် ဂျာမနီ နိုင်ငံ ၊ မြူးနစ်မြို့ အခြေစိုက် Their Minds ဆိုတဲ့ ကုမ္ပဏီ နဲ့ စတင်စမ်းသပ် နေခဲ့ပြီ ပဲ ဖြစ်ပါတယ်။ တကယ်တော့ အဆိုပါ တစ်စီးတည်းသော စမ်းသပ်ဆဲကားလေးကို ပြပွဲကြီး အတွင်းမှာ ချပြ ထားခဲ့ပြီး လူစိတ်ဝင်စားမှုလည်း ရခဲ့ကာ လူသားတွေရဲ့ ကျန်းမာရေးအတွက် သတိပေးနိုင်ရာ ရောက်အောင် လည်း အခု ကားကို ချပြခဲ့တာပါ။ နည်းပညာ အလုပ်လုပ်ပုံကို အတိုချုံးပြောရမယ် ဆိုရင်တော့ ကားရဲ့ Skin အပြင်ပိုင်း အရောင်ပေါ်ကို စမ်းသပ်သူရဲ့ ဦးနှောက်လှိုင်းတွေက အရောင်ပြောင်းလဲ စေခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

တကယ်တော့ ဒီကားရဲ့ နည်းပညာက စိတ်နဲ့ လုံးဝထိန်းချုပ် ပြောင်းလဲတဲ့ အဆင့်တော့ မရောက်သေးပဲ နီးတော့ နီးစပ် နေပါတယ်။ Brainboost CEO ဖြစ်သူ Philipp Heiler ကတော့ ဦးနှောက်ရဲ့ လုပ်ဆောင် ချက် အဆင့်တွေကို လိုက်ပြီး အခု ကားရဲ့ အရောင်ပုံစံတွေက ပြောင်းလဲသွားတာ ဖြစ်တယ်လို့ ရှင်းပြထား တာပါ။ တကယ်လို့ အစမ်းသပ်ခံရတဲ့ သူရဲ့ စိတ်ကတည်တည်ငြိမ်ငြိမ် ထားထားနိုင်မယ် ဆိုရင်တော့ အဆိုပါ အရောင်တွေကနေ အေးဆေး သာယာတဲ့ ရောင်ပြန်လေးတွေ ပြသပေးနေနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ရလဒ်အနေနဲ့ကတော့ ဦးနှောက်ကို အေးဆေး တည်ငြိမ် နေတယ်ဆိုတာကို ပြပေးနိုင်မယ့် အခြေအနေလေး တွေကို ကားမှာမြင်နေရမှာဖြစ်ပြီး ဦးနှောက်ရဲ့ လှုပ်ရှားမှုတိုင်းကိုတော့ Electroencephalograph ( EEG ) စနစ်နဲ့ တိုင်းတာနေမှာပဲ ဖြစ်ပါတယ်။ Brainboost ရဲ့ ပြောကြားချက် အရတော့ အခု စမ်းသပ်ချက်ရဲ့ အဓိက ရည်ရွယ်ချက်က ကားရဲ့အရောင်ကို ပြောင်းတာထက် ကားပေါ်မှာ ပြောင်းသွားတဲ့ အရောင်ကို ကြည့်ပြီး ပါဝင်သူတွေ တစ်ဦးချင်းစီရဲ့ နေ့စဉ် ဘဝမှာ အဆင်ပြေပြေ ဖြစ်နိုင် အောင် ဦး‌နှောက်ရဲ့ လှုပ်ရှားမှု တွေတိုင်းကို တိုင်းတာတွက်ချက် ပေးနိုင်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။

Photo Credit: CARBUZZ

ဒါကြောင့် ဘယ်လိုပဲ ဖြစ်ဖြစ် အခုနည်းပညာကတော့ သာမန်တွေးခေါ် စမ်းသပ်တဲ့ အဆင့်ထက်ပိုပြီး အများ ကြီးလည်း အသေးစိတ်ကျတာ ဖြစ်ပါတယ်။ နည်းပညာကို ဒီထက် ပိုတိုးတက်အောင် တော်တော်လေး အချိန်ယူ ကြိုးစားရဦးမယ်ဆိုတာ သေချာပေမယ့်လည်း တစ်နေ့မှာတော့ ကိုယ်ဝယ်ထားတဲ့ ကားရဲ့ အရောင် ကို ကိုယ့်စိတ်ကြိုက် အရောင်အဖြစ် တစ်ချက်လောက် တွေးလိုက်တာနဲ့တင် ပြောင်းလဲပေးသွားနိုင်တော့ မှာပါ။ ဒါပေမယ့် တစ်ချို့ ကတော့လည်း အခုလိုမျိုးတွေးလိုက်တာနဲ့ ပြောင်းလဲသွားတဲ့ အရောင်ထက် ခလုတ်တစ်ချက် နှိပ်ပြီး စိတ်ကြိုက် ပြောင်းသွားတာမျိုးကို ပိုနှစ်သက်ကြပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခု Concept ကားမှာ မြင်လိုက်ရတဲ့ E-Ink ဆိုတဲ့ နည်းပညာကို BMW တို့ ဆက်ပြီး ကြိုးစားနေဆဲ ဖြစ် တာကြောင့် အနာဂါတ်မှာ တကယ် ထုတ်လုပ်နိုင်တဲ့ကား အဆင့်ကို ရောက်လာနိုင်တော့မလား ဆိုတာကို တော့ စိတ်ဝင်စားဖွယ် ဖြစ်အောင် စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။

Ref: carbuzz.com