BMW တို့ကတော့ တစ်ခါမှမမြင်မတွေ့ဖူးသေးတဲ့ လျှပ်စစ်စွမ်းအင်သုံး လမ်းကြမ်းမောင်း ကားတစ်စီးကို နမူနာ ချပြလာပါတယ်။ အဆိုပါ ကားကိုတော့ Dune Taxi လို့ အမည်ပေးထားပြီး အရှေ့အလယ်ပိုင်း ဒေသ တစ်နေရာမှာ ရိုက်ကူးထားတဲ့ ပရိုမိုးရှင်း Video တစ်ခုကနေ တစ်ဆင့်မြင်တွေ့လာရတာပါ။ လက်ရှိမှာတော့ အဆိုပါကား အကြောင်း အသေးစိတ်ချပြထားတာမျိုး မရှိသေးပဲ ပြိုင်ကားအနေနဲ့ ထုတ်လုပ်လာမှာလား ဆိုတာလည်း မသေချာ သေးပါဘူး။ ဒါပေမယ့် ကားကတော့ ခက်ခဲကြမ်းတမ်းတဲ့ Extreme E Series ကားပြိုင်ပွဲတွေဆီက Odyssey 21 ကားတွေလို ပုံစံထုတ်ထားတာ မြင်ရမှာဖြစ်ပါတယ်။ အခု Video ထဲမှာ တော့ BMW ရဲ့ အဆိုအရ ကိုယ်ထည်ကို သဘာဝ Fiber-Reinforced Polymer သားတွေနဲ့ ဖန်တီးထားတယ်လို့ သိရပြီး Odyssey 21 လိုမျိုးပဲ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

Odyssey 21 နဲ့ဆင်တယ် ဆိုပေမယ့် စက်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် အချက်အလက်တွေမှာတော့ အနည်းငယ် ကွဲပြားမှု ရှိနိုင်ပြီး အခုကားသစ်က 536 hp အထိ စွမ်းဆောင်နိုင်မယ်လို့ သိရတာကြောင့် Extreme E ပွဲတွေက Odyssey 21 ရဲ့ 550 hp ထက်စာရင် ပိုလျော့နည်းပါတယ်။ ဒါ့အပြင် အခုကားရဲ့ Torque ကိုလည်း 738 lb-ft အထိ ရှိမယ်လို့ ဆိုထားပြီး Suspension ပိုင်းတွေကိုလည်း ၁၅.၇ လက်မအထိ မြှင့်လို့ရဦး မှာပါ။ အဆိုပါ Suspension ပိုင်းကတော့ ယခင် Extreme E Odyssey 21 ကားတွေထက် ပိုသာတဲ့အချက် ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကား နှစ်စီးအကြား ဆင်တူမှုတွေ အတော်လေး ရှိနေတာကြောင့် BMW အနေနဲ့ Extreme E Entry Level အဆင့်အတွက် ရည်ရွယ်ဖန်တီး နေပုံလည်း ရပါတယ်။ ဒါမှမဟုတ်အခု Dune Taxi ကားအသစ်ကို ပြိုင်ဘက် Audi ရဲ့ RS Q E-Tron လျှပ်စစ်ကားနဲ့ ဈေးကွက်အတွင်း ထိပ်တိုက် ယှဉ်ပြိုင်စေလိုတာ ဖြစ်နိုင်ပြန်ပါတယ်။ အဆိုပါ E-Tron ကား ကတော့ ကိုယ်ထည်ပိုင်းတွေ ပိုမိုဆန်းသစ် ပြောင်းလဲပြီး စွမ်းဆောင်ရည်တွေလည်း ပိုကောင်းလာကာ အခြားသော အပြောင်းအလဲတွေနဲ့ အသစ် ထွက်ပေါ်ထား ပြီးဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အခု Video ထဲမှာ မြင်လိုက်ရတဲ့ Dune Taxi ကတော့ အတော်လေးကို အထင်ကြီးစရာ ပုံစံနဲ့ ကား အလန်းတစ်စီးဆိုတာ သေချာပြီး BMW X6 M Competition နဲ့ iX M60 ကားတွေကိုလည်း အခု Video ထဲ ယှဉ်တွဲ မြင်လိုက်ရသေးတာ ဖြစ်ပါတယ်။ Video အဆုံးမှာတော့ E53 မျိုးဆက် X5s ကားနားမှာ မောင်းပြနေခဲ့ပြီး နောက်ဆုံးမှာတော့ ၁၃၀ ဒီဂရီ မတ်တဲ့ မျက်နှာပြင်ကို သာသာယာယာပဲ တက်ပြ သွားတာ တွေ့ရပါတယ်။ နောက်ဆုံးမှာတော့ BMW Concept XM SUV ကို ချပြသွားခဲ့ပြီး အဆိုပါ ကားသစ်ကိုလည်း လာမယ့် စက်တင်ဘာ ၂၇ ရက်နေ့မှာတင်ပဲ တရားဝင် မိတ်ဆက်ပေးမယ်လို့ ကြေညာခဲ့ပါတယ်။ အဆိုပါ ကားသစ်မှာ ဆိုရင်တော့ Twin- Turbo 4.4 Liter V8 Engine ကိုမှ Plug-In Hybrid အမျိုးအစားနဲ့အတူ ပေါင်းစပ်လာနိုင်ကာ 750 hp လောက် အထိစွမ်းဆောင်ရည် ရှိလာနိုင်မယ်လို့ ခန့်မှန်းထားရတာ ပဲ ဖြစ်ပါတယ်။ အခု အနေအထားတွေ အတိုင်းသာ အမှန် တကယ် ပွဲထွက်လာရင်တော့ အဆိုပါကားဟာ BMW ရဲ့ သာမန် လမ်းမထက်သွားကားတွေထဲ စွမ်းဆောင်ရည် အမြင့်ဆုံး ကားတစ်စီးအဖြစ် XM Model တို့ ရပ်တည်လာနိုင်မှာ သေချာပါတယ်။

Ref: MotorAuthority