ကားကုမ္ပဏီ တွေကတော့ သူတို့ရဲ့ ကားသစ်တွေထဲမှာ Screen ခပ်ကြီးကြီး တွေကို ပိုပိုပြီး ထည့်သွင်းလာကြတာ အစဉ်အလာ လိုကို ဖြစ်လာနေပါပြီ။ Tesla ကတော့ အလားတူ Screen မျိုးတွေမှာမှ Passenger Play လို့ အမည် ရတဲ့ စနစ်တစ်ခုနဲ့အတူ Screen တွေ ပေါ်မှာ Infotainment အပြင် ဂိမ်းတွေပါ ဆော့နိုင်ဖို့ ပြင်ဆင်ပေးထားခဲ့တာ ကြာပါပြီ။ အခုတော့ အဆိုပါ Trend နောက်ကို လိုက်လာတော့မှာက နာမည်ကျော် ကားကုမ္ပဏီ BMW ပဲ ဖြစ်ပါတယ်။ AirConsole ကုမ္ပဏီ နဲ့ ပူးပေါင်းပြီး တစ်ယောက်တည်းပဲ ဆော့ဆော့ ၊ အများနဲ့ပဲ လိုင်းပေါ်က ဆော့ဆော့ အဆင်ပြေစေမယ့် ဂိမ်းတွေကို သူတို့ရဲ့ ကားအတွင်း မှန်ခုံးကြီးတွေမှာ လုပ်ဆောင်ပေးလာဖို့ ပြင်ဆင် နေပြီ ဖြစ်ပါတယ်။ AirConsole ကုမ္ပဏီကတော့ ဆွစ်ဇာလန် အခြေစိုက် Gaming Platform တစ်ခု ဖြစ်ပြီး TV တွေ နဲ့ ကားအတွင်း ဖျော်ဖြေရေး နည်းပညာပိုင်းတွေမှာ ဂိမ်းတွေ ဆော့ကစားနိုင်အောင် စီစဉ်ပေးနေတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။ အခု BMW ကားတွေမှာ ရလာမယ့် ဂိမ်းစနစ်ကလည်း ကားရဲ့ Infotainment စနစ် နဲ့ တစ်သားတည်း ဖြစ်နေမှာဖြစ်လို့ အသုံးပြုသူတွေက ဖုန်းနဲ့ ပါချိတ်ဆက်ပြီး ဆော့နိုင်ဦးမှာပါ။

Photo Credit: motor 1.com

အခုလို ဂိမ်းဝန်ဆောင်မှုကြောင့် ခရီးသည်တွေက ကားအတွင်း ထိုင်စောင့်နေရတဲ့ အခါမျိုးမှာ အဆင်ပြေစေမှာဖြစ်သလို BMW Group Connected Company Development အပိုင်းရဲ့ Senior Vice President ဖြစ်သူ Stephan Durach ကလည်း ကားကို လျှပ်စစ်အားသွင်းထားတဲ့ အချိန်မှာ အပျင်းပြေ စောင့်ဆိုင်းနိုင်မယ့် ဝန်ဆောင်မှုလို့ ညွှန်းဆိုထားပါတယ်။ BMW အပါအဝင် အခြားသော ကားကုမ္ပဏီ အများအပြားကပါ လျှပ်စစ် ကားတွေအဖြစ် ကူးပြောင်းထုတ်လုပ်နေပြီဖြစ်လို့ တစ်ဆက်တည်းမှာပဲ အားသွင်းကြာချိန်အတွင်း အပန်းဖြေ နိုင်မယ့် နည်းလမ်းပေါင်းစုံကို စဉ်းစားပေးလာ ကြတာပါ။ အခု ကားတွေအတွက် ဂိမ်းတွေမှာ တော့ များသော အားဖြင့် အများနဲ့ဆော့ရတဲ့ ဂိမ်းတွေဖြစ်နိုင်မယ့် AirConsole ရဲ့ ဝက်ဘက်ဆိုက်ဒ် အချက်အလက်တွေအရ သိထား ရပါတယ်။ PC ပေါ်က ဂိမ်းပေါင်း ၁၈၅ မျိုး လောက်အထိကို ကားမှာ ဆော့လို့ ရလာနိုင်ပေမယ့် အတိအကျတော့ မသိရသေးတာကြောင့် စောင့်ဆိုင်းရဦးမှာပါ။ ဒါပေမယ့် အဆိုပါ ဂိမ်းတွေထဲမှာတော့ Casual ပိုဖြစ်တဲ့ Let’s Cook Together ၊ Mega Monster Party ၊ GoKartGo ! Air ! ၊ 8Bit Fiesta  ၊ Burning Rubber 5 Air တို့လို ဂိမ်းမျိုးတွေပဲ ပါလာမှာ ဖြစ်ပြီး Cyberpunk 2077၊ Elden Ring ဒါမှမဟုတ် Call Of Duty တို့လို ဂိမ်းမျိုးတွေတော့ မြင်ရနိုင်မှာ မဟုတ်လောက်ပါဘူး။

Photo Credit: motor 1.com

ကားထဲမှာ ဆော့ချင်တဲ့ သူတွေအဖို့ စမတ်ဖုန်းနဲ့ အရင်ဆုံးချိတ်ဆက်ရမှာဖြစ်ပြီး BMW Curved Screen ကြီးဆီကိုတော့ QR Code က တစ်ဆင့်ချိတ်ကာ ဆော့ကစားရမှာပါ။ BMW ကတော့ အဆိုပါ နည်းပညာ သစ်ကို လာမယ့် ၂၀၂၃ မှာတင် စတင် အကောင်အထည် ဖော်ဖို့ရှိနေပြီး ဘယ်ကားတွေမှာ စရမယ် ဆိုတာတော့ မသိနိုင်သေးပါဘူး။ BMW ကတော့ ကားအတွင်းခန်း ဖျော်ဖြေရေးကဏ္ဍကို အတော်လေးအားစိုက် နေတာဖြစ်ပြီး အခုနှစ် ဇန်နဝါရီ တုန်းကပဲ BMW Theater Screen ဆိုတဲ့ ၃၁ လက်မအရွယ် Screen အကြီးစားကြီးကိုလည်း Amazon Fire TV ဝန်ဆောင်မှုနဲ့အတူ ချပြခဲ့ပါသေးတယ်။ အဆိုပါ Screen ကြီးကို တော့ BMW ရဲ့ 7 Series အသစ်တွေမှာ မိတ်ဆက်ခဲ့ပြီး အခု AirConsole ဂိမ်းတွေကို အဆိုပါ Screen ကြီးမှာပါ ရမရ စောင့်ကြည့်ရတော့မှာပါ။ BMW ကတော့ အဆိုပါ Screen ကြီးကို မိတ်ဆက်ကတည်းက Xbox ဒါမှမဟုတ် PlayStation Console တွေနဲ့တောင် ချိတ် ကစားနိုင်ဖို့ HDMI အပေါက်ကိုပါ ထည့်မိတ်ဆက် ပေးထားတာကြောင့် ဖြစ်နိုင်ချေတော့ များတယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။

Ref: motor 1.com