နာမည်ကြီးကားကုမ္ပဏီ BMW တို့ကတော့ အများစုခြေလှမ်းသွက်နေကြတဲ့ လျှပ်စစ်ကားအပိုင်းမှာ နောက် ကျ ကျန်မနေခဲ့တဲ့ အပြင် အခု မောင်းသူမဲ့စနစ် ပိုင်းမှာပါရှေ့ကြို ရောက်ဖို့ ပြင်နေခဲ့ပါပြီ။ လျှပ်စစ်ကားပိုင်းနဲ့ ပတ်သက်လို့ အရင်ကြည့်ရမယ် ဆိုရင် i3 ကားကို လျှပ်စစ်သီးသန့် ကားအဖြစ် ချပြထားပြီး အခုဆိုရင်လည်း iX Crossover ကိုနမူနာ Concept အဖြစ် ချပြထားခဲ့ပြန်ပြီ ဖြစ်ပါတယ်။ i3 နဲ့ ယှဉ်မယ်ဆိုရင် အတော်လေး ဈေးများနိုင်တာ မှန်ပေမယ့်လည်း ပိုကောင်းတဲ့ Range အပိုင်း အတွင်းခန်းပိုင်း ဆန်းသစ်မှုတွေက ကုမ္ပဏီ ရဲ့ နည်းပညာတွေကို နောက်တစ်ဆင့် ဆွဲခေါ်ပြလိုက်သလိုပါပဲ။ ဒါပေမယ့် အခုလို လျှပ်စစ်ကား အပိုင်းမှာ တိုးတက်လာတာတင် မကပဲ ကားရဲ့ လုံခြုံရေးပိုင်းတွေ မှာ လည်း သိသိသာသာ ကိုအလေးပေး လုပ်ဆောင် ပေးထား ပါတယ်။ လက်ရှိ ကားတွေ ရဲ့ လုံခြုံရေး ပိုင်းနဲ့ ဆက်စပ်ပြီး ပြောစရာ ကောင်းလာတာ ကတော့ မောင်းသူမဲ့ ကားနည်းပညာ အကြောင်း ဖြစ်ပါတယ်။ နာမည်ကျော် ကုမ္ပဏီတိုင်း အတော် များများ ( ဖာရာရီ လောက်က လွဲ၍ ) ကလည်း အခုစနစ် အကြောင်းကို သူ့ထက် ငါ လမ်းပေါ်မှာ တရားဝင် အသုံးပြုချပြနိုင် အောင် ကြိုးစားနေကြတာပါ။ အခုဆိုရင်တော့ BMW ရဲ့ iX ကားသစ် Concept ချပြလိုက်တာက လျှပ်စစ် စွမ်းအင်ပိုင်းတွက် သာမကပဲ မောင်းသူမဲ့ ကားအတွက်ပါ သိသာထင်ရှားတဲ့ အရွေ့ တစ်ခု ဖြစ်လာခဲ့ပါတယ်။
အခုဆိုရင်တော့ BMW က နည်းပညာမြင့်မားလာတဲ့ အရှိန်ကို ထိန်းထားနိုင်ဖို့အတွက် Qualcomm နဲ့ တောင် သဘောတူညီချက် စာချုပ်ချုပ်လိုက် ပြန်ပါတယ်။ နည်းပညာပိုင်းနားလည် သူတွေအဖို့ကတော့ Qualcomm ဆိုတာ လုံခြုံရေးပိုင်းနဲ့ နည်းပညာပိုင်း အတွက် ထိပ်တန်းဆိုတာ သိပြီး ဖြစ်ကြပါလိမ့်မယ်။ အခုလို ထိပ်တန်း ကုမ္ပဏီ ကြီး ၂ ခု ပူးပေါင်း လိုက်ကြရာက နေထွက်ပေါ်လာတာကတော့ မောင်းသူမဲ့ နည်း ပညာပိုင်း အတွက် ပိုကောင်းစေမယ့် Software AB ဆိုတဲ့ စနစ်တစ်ခုပါပဲ။ အဆိုပါ နည်းပညာပိုင်းကတော့ ကွန်ပြူတာနဲ့ ထိန်းချုပ်တဲ့ စနစ်တွေထဲမှာမှ Snapdragon Ride Platform ရဲ့ Computer SoC Controller တွေ ကို Car To Cloud Services နဲ့ အဓိက ထိန်းချုပ်တဲ့ အဆင့်မြင့် စနစ်တစ်ခုဖြစ်ပါတယ်။ အခုလို စနစ်တစ်ခုကို အဆင့်မြင့်လည်ပတ်တော့မှာဖြစ်လို့ အောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့ အတွက် ဂျာမနီ ၊ အမေရိကန် ၊ ဆွီဒင် ၊ တရုတ် ၊ ရိုမေးနီးယား တို့က ပညာရှင်ပေါင်း ၁၄,၀၀၀ လောက်က ချက် နိုင်ငံမှာရှိတဲ့ BMW AD Test Center ဆီကို ရောက်လာကြပါပြီ။ ဒီပမာဏ ဒီလို အင်အားသုံးနိုင် မှုတွေ ကို ကြည့်ရင် အခုနည်းပညာ ပူးပေါင်းဆောင်ရွက်မှုကို ကုမ္ပဏီ ၂ ခု လုံးက ဘယ်လောက် အောင်မြင်ချင်ကြသ လဲ ဆိုတာ မြင်သာပါတယ်။
အဓိက ကတော့ ခုနက ပြောခဲ့တဲ့ Controller စနစ်တွေ အကုန်လုံးကို တကယ့်လက်တွေ့က ပုံစံတွေ ၊ Sensor ပိုင်း တွေနဲ့ မောင်းသူမဲ့စနစ်ရဲ့ လုံခြုံရေးအပိုင်းတွေမှာ လစ်ဟာမှု မရှိရအောင်အသေးစိတ် လုပ် ဆောင်ကြဖို့ပါပဲ။ Qualcomm ကတော့ BMW အပြင် Arriver တို့နဲ့လည်း လက်တွဲ လုပ်ဆောင် နေတယ် လို့ ဆိုထားပြီး တစ်ချိန်တည်းမှာ ပဲ Ultra Cruise မောင်းသူမဲ့ စနစ် အတွက် ကြိုးစားနေတဲ့ Cadillac နဲ့ လည်း ဆက်လက် ပူးပေါင်း လုပ်ဆောင်နေဦးမှာ ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး ၊ Qualcomm နဲ့ အတူ တူ အလုပ်လုပ် ဖို့အတွက် နာမည်ကြီး ကားကုမ္ပဏီတစ်ချို့ ဖြစ်တဲ့ Volvo ၊ Audi တို့အပြင် အတော်များများ က ကြိုးစားနေကြ ပြန်ပါတယ်။ BMW Group ရဲ့ Senior Vice President ဖြစ်သူ Nicolai Martin ကတော့ အခုလိုမျိုး ပူးပေါင်းနိုင်ခဲ့ခြင်းကြောင့် BMW ရဲ့ အနာဂါတ် မောင်းသူမဲ့ စနစ် အတွက် ခြေတစ်လှမ်း အကောင်းဆုံး တိုးနိုင်ခဲ့သလို အနာဂါတ် Driver Assist နည်းပညာတွေ အတွက်လည်း အခြေခံ ကောင်းရ စေမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် Customers တွေဆီကို အခုထက် ပိုကောင်းတဲ့ ယာဉ်မောင်း နှင်မှု အတွေ့အကြုံတွေ ပေးနိုင်စေဖို့ ရည်ရွယ်ပြီး Qualcomm နဲ့ရော Arriver နဲ့ပါ အနာဂါတ်မှာ ပိုပြီး တွင် တွင်ကျယ်ကျယ် လုပ်ဆောင် သွားဦးမှာပဲ ဖြစ်ပါတယ်။
Ref: carbuzz.com